Home
မြန်မာသတင်း
အိုင်စီစီက ရိုဟင်ဂျာဒုက္ခသည်များကိုလာရောက်တွေ့ဆုံ သက်သေထွက်ချက် မှတ်တမ်းယူ
DVB
·
July 8, 2023
181525-US-dollars-730x365

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် စုံစမ်းစစ်ဆေးတဲ့လုပ်ငန်းစဉ်တွေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး( အိုင်စီစီ) တာဝန်ရှိသူတွေဟာ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သက်သေထွက်ဆိုချက်တွေကို လာရောက် မှတ်တမ်းရယူခဲ့ပါတယ်။

အိုင်စီစီရဲ့ ဥပဒေအရာရှိ  ကာရင်မ်အာဆဒ်အာမက်ခန်ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကို သွားရောက်ပြီး ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ ကော့ခ်ဘဇားရဲ့ စခန်းအမှတ် (၁) နဲ့ (၁၂) က ဒုက္ခသည်တွေကို ဇူလိုင်လ ၆ ရက်နေ့မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဥပဒေအရာရှိနဲ့ အတူ ဘာသာပြန်တစ်ဦးပါဝင်တဲ့ အဖွဲ့ဟာ သူတို့စိတ်ကြိုက်ရွေးချယ်ပြီး တွေ့ဆုံမေးမြန်းချက်တွေကို စနစ်တကျဖြစ်အောင်ဆောင်ရွက်ခဲ့ကြတယ်လို့ ရိုဟင်ဂျာများသက်သာချောင်ချိရေးတာဝန်ရှိသူ ဒုက္ခသည်ကူညီစောင့်ရှောက်ရေးနဲ့ ပြန်လည်ပို့ဆောင်ရေး ကော်မရှင်ရုံးရဲ့ အကြီးတန်းအရာရှိ ခါလစ်ဟိုစိန်က ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို စုံစမ်းရာမှာ ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်တို့ကို  အိုင်စီစီရဲ့ ဥပဒေအရာရှိ ခန် က  ဇူလိုင်လ ၄ ရက်နေ့မှာ စတင်ရောက်ရှိခဲ့တဲ့ ၄ ရက်ကြာခရီးစဉ်အတွင်း တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။

ဇူလိုင် ၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း အိုင်စီစီရဲ့ ဥပဒေအရာရှိကို ကူညီအားပေးသွားမယ့်အကြောင်း ဖော်ပြထားပါတယ်။

ဖိနှိပ်အကြမ်းဖက်ခံရမှုတွေကြောင့် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို စတင် စွန့်ခွာထွက်ပြေးကြရတာဟာ ၁၉၇၀ ပြည့်နှစ်ကတည်းက ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ အကြမ်းဖက်စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ အရေအတွက်အများဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးကြောင့် ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ၇၇၅၀၀၀ ကျော်ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက် စုစုပေါင်း တစ်သန်း ကျော်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၀၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အိုင်စီစီရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်ဘူးဆိုတဲ့ အချက်ပေါ်အခြေခံပြီး မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးစစ်ဆင်ရေးကို စုံစမ်းစစ်ဆေးမှုအပေါ်မှာ ငြင်းဆန်ခဲ့ပါတယ်။ မြန်မာအစိုးရအဆက်ဆက် ရိုဟင်ဂျာဆိုတဲ့ အမည်ကို အသိအမှတ်မပြုသလို သူတို့ကို နိုင်ငံသားအဖြစ်လည်း အသိအမှတ်မပြုပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတချို့ဟာ အိုင်စီစီရဲ့ တရားစီရင်ရေးကို လက်ခံတဲ့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း အိုင်စီစီက ပြောပါတယ်။ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ လူမျိုးနဲ့ ဘာသာတရားကို အကြောင်းပြုပြီး စနစ်တကျနဲ့ နေရာအနှံ့ အကြမ်းဖက်ခံနေရတယ်ဆိုတဲ့ မှတ်ချက်နဲ့ မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအပေါ် စုံစမ်းစစ်ဆေးမှုဆောင်ရွက်ဖို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အိုင်စီစီက ခွင့်ပြုခဲ့ပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ်  လူသတ်မှု၊ မုဒိမ်းမှု၊ ရုပ်ပိုင်းနဲ့စိတ်ပိုင်း ထိခိုက်အောင် အကြမ်းဖက်ဖိနှိပ်မှုနဲ့ နေရပ်စွန့်ခွာထွက်ပြေးအောင် ဖိအားပေးမှုတွေအပြင် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ပထမဆုံးလူ့အခွင့်အရေးဆိုင်ရာ ပဋိဉာဉ်ဖြစ်တဲ့ ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်တွေကို ချိုးဖောက်ကျူးလွန်နေတာကြောင့် မြန်မာနိုင်ငံကို အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ (အိုအိုင်စီ) ရဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရားတရားရုံး (အိုင်စီဂျေ) မှာတရားစွဲခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာဟာ တာဝန်ယူရမယ်လို့ ဖော်ပြထားတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာတော့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့ အိုင်စီဂျေက မြန်မာနိုင်ငံကို ညွှန်ကြားချက် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ လူမျိုးစုရှင်းလင်းရေးလို့ သတ်မှတ်နိုင်ကြောင်း ကုလသမဂ္ဂက မှတ်ချက်ချပြီး  နှစ်နှစ်အကြာမှာ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Ref: UCANews

Photo-AFP

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013