
ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ဟိုတယ်တခုရဲ့ ပြတင်းပေါက်ကနေ သူ့ရဲ့ မွေးကင်းစကလေးကို ပစ်ချခဲ့တဲ့ အမေရိကန် အမျိုးသမီးငယ်တယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပါရီအစိုးရရှေ့နေရုံးက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဖေဖော်ဝါရီ ၂၄ ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့ပြီး မွေးကင်းစ ကလေးငယ်ကို အရေးပေါ်ဆေးကုသမှု ခံယူစေခဲ့ပေမဲ့လည်း အသက်မရှင်ခဲ့ပါဘူး။
အာဏာပိုင်တွေဟာ အသက် ၁၅ နှစ်အောက် အရွယ်မရောက်သေးသူ အမျိုးသမီးငယ်ကို လူသတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေကြောင်း ပါရီအစိုးရရှေ့နေရုံးက ပြောပါတယ်။
ကလေးမွေးဖွားပြီးခါစ အမျိုးသမီးငယ်ကို ဆေးကုသမှုခံယူစေဖို့ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဖြစ်နိုင်ခြေတခုအဖြစ် “ကိုယ်ဝန်ကို ငြင်းပယ်ခြင်း” လို့ သတ်မှတ်ထားကြောင်းလည်း ဆိုပါတယ်။
ပါရီမှာ ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးငယ်ဟာ ဥရောပကို ခရီးထွက်လာကြတဲ့ လူငယ်အဖွဲ့တဖွဲ့ထဲမှာ လိုက်ပါလာသူဖြစ်ကြောင်း အစိုးရရှေ့နေရုံးက ပြောကြားခဲ့ပါတယ်။
Source : Reuters