ဇန်နဝါရီ ၂ ရက်က ရုရှားပစ်လွှတ်လိုက်တဲ့ ခင်ဇယ်ဒုံးကျည် ၁၀ စင်းစလုံးကို ယူကရိန်းက ဒုံးခွင်းဒုံးနဲ့ ဟန့်တားပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။
မဟန့်တားနိုင်တဲ့ အသံထက်မြန်တဲ့ဒုံးကျည်လို့ အမွှမ်းတင်နေတဲ့ ပဲ့ထိန်းဒုံးကျည်ကို အခုလို ဟန့်တားနိုင်ခဲ့တဲ့ ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ယူကရိန်းခေါင်း ဆောင်တွေက ချီးကျူးလိုက်ပါတယ်။
ခင်ဇယ်ဒုံးကျည် ၁၀ ခုစလုံး ကြားဖြတ်ပစ်ချခံရတဲ့အကြောင်း ယူကရိန်းစစ်တပ်က အင်္ဂါနေ့ မနက်မှာ ဖေ့စ်ဘွတ်ခ်နဲ့ တယ်လီဂရန်တို့မှာ ကြားဖြတ်သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်း ထိပ်တန်းဗိုလ်ချုပ်ကြီး ဗလေရီ ဇာလွတ်ရှ်နီက ခုခံကာကွယ်သူတွေကို ချီးကျူးခဲ့ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကလည်း အနောက်နိုင်ငံတွေက ပေးပို့ကူညီခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကျေးဇူးတင်ကြောင်း ပြောရင်း ချီးကျူးခဲ့ပါတယ်။
ဇန်နဝါရီ ၂ ရက်က ယူကရိန်းအပေါ် ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီးမှာ ရုရှားဟာ သူနုတ်ယူသွားတဲ့ အသက်တိုင်းအတွက် ပြန်ပေးရလိမ့်မယ်လို့ ဇလန်းစကီးက ကတိပြုခဲ့ပါတယ်။
ရုရှားရဲ့ နောက်ဆုံးတိုက်ခိုက်မှုအတွင်း အမျိုးအစားစုံတဲ့ ဒုံးကျည်အစင်း ၁၀၀ နီးပါးကို သုံးခဲ့တယ်လို့ ဇလန်းစကီးက ပြောခဲ့ပါတယ်။
“ဒုံးကျည် ၇၀ ထက်မနည်း ပစ်ချခံရတယ်။ အဲဒီထဲက ၆၀ နီးပါးက ကိယက်ဗ်ဒေသထဲမှာ ပစ်ချခံရတာဖြစ်တယ်။ ခါခိဗ်မြို့လည်း ပြင်းပြင်းထန်ထန် ထိမှန်ခဲ့တယ်။”
လေကြောင်းရန်ကာကွယ်ရေးတပ်တွေဟာ ခင်ဇယ်ဒုံးကျည် ၁၀ စင်း၊ ခရုဇ်ဒုံးကျည် ၅၉ စင်းနဲ့ ရုရှားကနေပစ်လွှတ်တဲ့ ခါလီဘာဒုံးကျည် ၃ စင်းတို့ကို ပစ်ချခဲ့တယ်လို့ ယူကရိန်းစစ်တပ် အကြီးအကဲကလည်း ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် လူနှစ်ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။ ရုရှား-ယူကရိန်း စစ်ပွဲဟာ ၂ နှစ်တာကာလရှိလာတာနဲ့အမျှ ယူကရိန်းဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို ကျော်လွှားရာမှာ ပိုအားကောင်းလာတယ်လို့ သမ္မတက ဇန်နဝါရီ ၁ ရက် အစောပိုင်းက ထုတ်လွှင့်တဲ့ နှစ်သစ်ကူး မိန့်ခွန်းအတွင်း ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters