ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်စခန်းတခုမှာ မွေးကင်းစကလေးငယ်တဦးကို မွေးဖွားပြီးပြီးချင်း စွန့်ပစ်ထားခဲ့တယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူ တဦးဆီက သိရပါတယ်။
မတ် ၅ ရက်နေ့မှာ အသက် ၁၈ နှစ်သာရှိသေးတဲ့ စစ်ရှောင်အမျိုးသမီးတဦးဟာ ကလေးကို မွေးပြီးပြီးချင်း စွန့်ပစ်သွားတာလို့ သိရပါတယ်။
စစ်ဘေးတိမ်းရှောင်လာတာ ကြာလာတာနဲ့အမျှ မိသားစုစားဝတ်နေရေးအတွက် အလှူရှင်တွေကို အားကိုးနေရပြီး လုံလောက်မှုမရှိတာကြောင့် စစ်ရှောင်မိသားစုတိုင်း စားဝတ်နေရေး ကျပ်တည်းနေကြတာပါ။
စစ်ရှောင်စခန်းကို အကူအညီပေးနေတဲ့ အမျိုးသားတဦးက “ကလေးက ကလေးကိုမွေးသလို ဖြစ်တာပေါ့။ အခုတော့ ဒီးမော့ဆိုအနောက်ခြမ်း ဆီးဘူးမြို့က လင်မယားနှစ်ယောက် ခေါ်ယူမွေးစားလိုက်ပြီ။ ကလေးမွေးတုန်းက ဆေးခန်းက သေသေချာချာလေး အနှီးထုပ်ပြီး ပြန်လွှတ်လိုက်တာပါ။ ဒါကို လမ်းမှာပဲ ဒီတိုင်းစွန့်ပစ်ခဲ့တာ” လို့ ပြောပါတယ်။
စစ်ရှောင်ကာလ ကြာလာတဲ့အခါ လိင်ပိုင်းဆိုင်ရာ အသိပညာ ဗဟုသုတ နည်းပါးတာနဲ့ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေက သင်တန်းပို့ချမျှဝေတာ မရှိတဲ့အတွက် အခုလို မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်ခြင်း အကျိုးဆက်အနေနဲ့ ကလေးစွန့်ပစ်မှုတွေ ဖြစ်လာတာလို့ ရှမ်းတောင်က အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။
စစ်ရှောင်စခန်းမှာ ကလေးမွေးဖွားတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှုမရှိတာ၊ အာဟာရအတွက် လုံလောက်မှုမရှိတာနဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေ မရှိတာ၊ မိခင်ဖြစ်သူက ငွေရေးကြေးရေး အခက်အခဲရှိတာတွေကြောင့် ဖယ်ခုံမြို့နယ်က စစ်ရှောင်စခန်းမှာ တနှစ်ကို ၄ ကြိမ်ခန့် ကလေးစွန့်ပစ်မှုတွေ ကြုံနေရတယ်လို့ သိရပါတယ်။
အများအားဖြင့် ဆယ်ကျော်သက် စစ်ရှောင်အမျိုးသမီးတွေက မွေးလာတဲ့ ကလေးငယ်တွေဟာ ပေါင်မပြည့် လမပြည့်တွေ များပြီး ရောဂါတွေနဲ့ မွေးလာတဲ့ အတွက်ကြောင့်လည်း ကလေးမိခင်က ကြောက်လန့်စိုးရိမ်ပြီး စွန့်ပစ်တာတွေ ရှိတယ်လို့ စစ်ရှောင်စခန်းမှာရှိတဲ့ သက်ကြီးပိုင်းတွေက ပြောပါတယ်။