ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ PNA ပြည်သူ့စစ်က ငွေယူပြီး မူးယစ်ဆေးဝါးတွေကို ရောင်းဝယ် သုံးစွဲခွင့် ပြုထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပင်လောင်းရှိ မူးယစ်ဆေးဝါးသုံးစွဲသူတွေ၊ ရောင်းဝယ်သူတွေနဲ့ လောင်းကစားလုပ်ငန်း လုပ်ကိုင်သူတွေဟာ ငွေကြေးပေးဆောင်ထားပါက ဖမ်းဆီးခံရခြင်းမရှိဘဲ ပေါ်ပေါ်ထင်ထင် လုပ်ငန်းလုပ်ကိုင်နိုင်တယ်လို့ ပြောပါတယ်။
အခုလို PNA ပြည်သူ့စစ်နဲ့ စစ်ကောင်စီကို ငွေကြေးပေးဆောင်ပြီး ဒုစရိုက်လုပ်ငန်းတွေကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာနိုင်တာကြောင့် တရားဉပဒေစိုးမိုးမှုလည်း မရှိဘဲ ခိုးမှု၊ လုယက်မှု၊ အကြမ်းဖက်မှု၊ ဓားပြတိုက်မှုတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “PNA က မူးယစ်ဆေးသုံးသူ ရောင်းဝယ်သူကို ဖမ်းပေမဲ့ ငွေတောင်းပြီး ပြန်လွှတ်ပေးတယ်။ ဒါကြောင့် သုံးစွဲသူ၊ ရောင်းဝယ်သူလည်း ငါတို့ပိုက်ဆံပေးရင် ပြန်လွတ်မယ်ဆိုတဲ့ အသိနဲ့ ပေါ်ပေါ်တင်တင်တောင် လုပ်နေသေးတယ်။ သူတို့လုပ်တဲ့ပုံစံက ငွေပေးရင် လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ပုံစံ ဖြစ်နေတယ်။ နေရာတိုင်းမှာ ဘိန်းစား၊ ဘိန်းရောင်းဝယ်သူ၊ ဆေးကြောင်သူတွေချည်းပဲ” လို့ ပြောပါတယ်။
ပအိုဝ်းအထူးဒေသ ၆ အတွင်းရှိ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင် မြို့နယ်တွေမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူငယ်တွေကို ဖမ်းခေါ်ပြီး ပြုပြင်ပေးတာ၊ လမ်းကြောင်းမှန် တည့်မတ်ပေးတာနဲ့ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် PNA ပအိုဝ်းပြည်သူ့စစ်က မူဝါဒ သတ်မှတ်ထားပေမဲ့ လက်တွေ့နဲ့ များစွာကွာခြားနေကြောင်း ဒေသခံတွေက ပြောဆို ဝေဖန်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သြဂုတ် ၂၉ ရက်ကလည်း ပင်လောင်းမြို့မစျေးထဲမှာ မူးယစ်ဆေးကြောင်နေသူတဦးက ၂ နှစ်အရွယ် ကလေးတဦးကို ဓားနဲ့ခုတ်သတ်မှု ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။