ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်ဘေးရှောင်တွေ စီးနင်းလာတဲ့ကား တိမ်းမှောက်ပြီး ပြည်သူ ၂ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၆ ရက် နေ့လယ် ၁ နာရီက တီးတိန်မြို့အထွက် လမ်ဇန်းရွာ ဘုရားကျောင်းနားမှာ ကားတိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
ကားတိမ်းမှောက်မှုကြောင့် ပူးလားမားထလွဲအာ ၄၉ နှစ်နဲ့ ဇနီးဖြစ်သူ ပီးလားနွန်ပါးရီး ၄၈ နှစ်တို့ သေဆုံးခဲ့ပြီး သူတို့မှာ သားသမီး ၄ ဦး ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။
ကားပေါ်မှာပါလာသူတွေဟာ စစ်ကိုင်းတိုင်း ကလေးမြို့မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ကလေးမြို့နယ် အိတ်စွပ်ရွာကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို သွားရောက် စစ်ဘေးရှောင်ကြမယ့်သူတွေဖြစ်တယ်လို့ တီးတိန်ဒေသခံတဦးက ပြောပါတယ်။
“ကလေးမှာ အခုရက်ပိုင်း တိုက်ပွဲတွေဖြစ်နေတော့ အိတ်စွပ်ရွာကနေ မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်ဖို့ ထွက်လာကြတာ။ ကားက လမ်ဇန်းရွာ UPC ဘုရားကျောင်းအောက်က ချောက်ထဲ ထိုးကျသွားတာ။ ဆုံးသွားတာက လင်မယား ၂ ယောက်၊ ကျန်တဲ့သူတွေကတော့ တီးတိန်ဆေးရုံမှာပဲ။”
သေဆုံးသူတွေရဲ့ အသုဘကိုတော့ သူတို့နေထိုင်ခဲ့တဲ့ ကလေးမြို့နယ် အိတ်စွပ်ရွာမှာ ပြုလုပ်မှာဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၇ ဦးကတော့ တီးတိန်ပြည်သူ့ဆေးရုံမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။
Photo-Zomi Post