Home
ဆောင်းပါး
ရေဒီယိုတလုံးနဲ့ အမှန်တရားရှာဖွေသူ
DVB
·
February 26, 2025

အိမ်ကို အဝင်အထွက်လုပ်နေတဲ့သူကို အချိန်အတော်ကြာတဲ့အထိ သတိမပြုမိခဲ့ပါဘူး။ သူ့ကိုသတိပြုမိတာက ရေဒီယိုကနေ အစပြုခဲ့တာပါ။ သူအိမ်ကိုလာတဲ့အခါတိုင်း ရေဒီယိုတလုံး‌တော့ ပါလာတတ်တယ်။

ရေဒီယိုတွေကို စိတ်ဝင်စားတဲ့ ကျနော်လည်း သူ့ကို သတိပြုမိလာတယ်။ သူလာတိုင်း လူကြီး(အုပ်ချုပ်ရေးမှူး)အိမ်ကို ဧည့်စာရင်းတိုင်ရတယ်။

အိမ်ကို တခြားဧည့်သည်တွေလာရင် ဧည့်စာရင်းတိုင်ရလေ့မရှိဘဲ သူလာပြီဆို လူကြီးအိမ်ကို ဧည့်စာရင်းသွားတိုင်ရတယ်။ ရာအိမ်မှူးက မြို့နယ်ကညွှန်ကြားထားလို့ ဒီလူအိမ်လာတည်းရင် မဖြစ်မနေ ဧည့်စာရင်းတိုင်ပါဆိုပြီး အမိန့်ပေးတဲ့အသံနဲ့ ပြောသွားတဲ့နောက်ပိုင်း သူအိမ်လာပြီဆိုတာနဲ့ ဧည့်စာရင်းကို မဖြစ်မနေ တိုင်ရပါတော့တယ်။

သူက အိမ်ကို တခါတလေ ညနေစောင်းလေး ရောက်လာတယ်။ တခါတလေမှာ နေ့လယ် ထမင်းစားချိန် ရောက်လာတယ်။ တခါတလေတော့ ညပိုင်း လူတွေအိပ်ချိန်မှာ “မန်းကျော်” “မန်းကျော်” လို့ အဖေ့နာမည်ကိုခေါ်ခေါ်ပြီး ရောက်လာတတ်ပါတယ်။

အချိန်မတော် ရောက်လာတဲ့အခါမျိုး ဆိုရင်တော့ ဧည့်စာရင်းမတိုင်ဘဲ ထားလိုက်တယ်။ ဒီလို ဧည့်စာရင်းမတိုင်ဘဲ ရောက်လာတည်းခိုသွားတဲ့အကြောင်းကို ရာအိမ်မှူးဆီ တနည်းနည်းနဲ့ နားပေါက်သွားရင် ရာအိမ်မှူးက အဖေ့ကို သတိပေးတယ်။

တနေ့တော့ အဖေက သူကိုယ်တိုင် ရာအိမ်မှူး ဝင်လုပ်တော့ အိမ်ကို ဘယ်သူပဲလာတည်းတည်း ဧည့်စာရင်းတိုင်ရတဲ့အလုပ်ကို မလုပ်ရတော့ဘူး။ အိမ်သားတွေအတွက် အလုပ်တခု လျော့သွားတာ‌ပေါ့။

သူက အိမ်ကို မကြာခဏ ရောက်လာစမြဲပဲ။ သူ အခုလို အိမ်ကို မကြာခဏရောက်လာရတဲ့ အကြောင်းရင်းက အမှုအခင်းအဖြစ်များတဲ့ မြို့နယ်မို့လို့ပါ။

လူ့အခွင့်အရေးချိုးဖောက်ခံရတာ၊ ငွေများတရားနိုင်တဲ့အမှုတွေကို ပြောင်းပြန်လှန်ပစ်တာ၊ မတရားတာခံရတဲ့ သူတွေဘက်က ဥပဒေလမ်းကြောင်းကနေ ဖော်ထုတ်ကြံဆောင်ပေးတာတွေ လုပ်ပေးနေသူတယောက်ဖြစ်လို့ အုပ်ချုပ်ရေးပိုင်းက သူ့ကို မျက်စိစပါးမွေးစူးနေတာမျိုးတော့ ရှိတာပေါ့။

ကျနော်တို့နေတဲ့မြို့နယ်က အမှုအခင်း အပေါများဆုံးမြို့နယ်လို့ နာမည်တွင်ပါတယ်။ တချို့လူတွေရဲ့ ပါးစပ်ဖျားမှာ “ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိတဲ့အထဲက ဒီမြို့နယ်က အမှုအခင်းအပေါဆုံး မြို့နယ်ပဲ” တဲ့။ အခုအချိန်မှာတော့ မြို့နယ်ပေါင်း ၂၆ မြို့နယ်အပြင် ထပ်တိုးမြို့နယ်တွေ ရှိနေပြီလားတော့ မပြောတတ်ပါ။ အမှုအခင်းပိုပေါတဲ့ ထပ်တိုးမြို့နယ်တွေ ရှိလာပြီလား ဆိုတာလည်း ခေတ်ကာလအခြေအနေကို မှန်းဆကြည့်ရင်တော့ သိနိုင်မယ်ထင်ပါတယ်။

ဘာလို့ အမှုအခင်းပေါတဲ့ မြို့နယ်တခုလို့ နာမည်တွင်ရလဲဆိုရင် အဲဒီအချိန်က မြို့နယ် မယက လူကြီးက ၁၅ ရက်တခါ နယ်ပြောင်းခံရတာ၊ မြို့က တရားသူကြီး ဆိုသူတွေလည်း တချို့လတွေမှာဆို တပတ်တခါ အပြောင်းအရွှေ့ခံရတာတွေကို မကြာခဏ ကြားရလေ့ရှိတယ်။ အရပ်ထဲမှာတော့ ရက်ပိုင်းအတွင်း ခိုင်လောက်တဲ့ငွေပမာဏ ရပြီဆို အထက်ပိုင်းလူကြီးတွေနဲ့ ညှိပြီး သူတို့ကိုယ်တိုင် နေရာအပြောင်းအရွှေ့ လုပ်သွားကြသူတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

နေရာမပြောင်းဘဲ ဆက်ရှိနေမယ်ဆိုရင်လည်း အတိုင်ခံရလို့ ဒီမြို့ကို ရောက်လာပြီး ၁၅ ရက်အတွင်းမှာပဲ နယ်ပြောင်းခံရတဲ့ ဖြစ်စဉ်တွေကလည်း ရှိနေတာပါ။ ဒေသခံတွေကတော့ ဒီအကြောင်းတွေကို ထမင်းစားရေသောက် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တခုအနေနဲ့ပဲ ပြောနေကြတာပါ။

စည်းစိမ်ကိုယစ်မူးပြီး သတိမမူမိလိုက်ချိန်မှာပဲ ရာထူးက အနားပေးခံလိုက်ရတဲ့ တချို့သောသူတွေလည်း ရှိပါတယ်။

အင်မတန် ရိုးလွန်း အလွန်းပါတယ်၊ တာဝန်ကို တသွေမတိမ်း ဆောင်ရွက်တတ်ပါတယ်ဆိုတဲ့ သူမျိုးတွေတောင် ဒီမြို့ကို ရောက်ရှိ တာဝန်ကျပြီဆိုတာနဲ့ လာဘ်စားတဲ့နေရာမှာ နာမည်ဆိုးတခုခုနဲ့ အချိန်တိုအတွင်းမှာပဲ ကင်ပွန်းတပ်ခံရတော့တာပါပဲ။

ဒီတော့ တပတ်တခါ နေရာအပြောင်းအလဲလုပ်တာ၊ တလတခါ အပြောင်းအလဲဖြစ်တာ၊ တချို့လတွေမှာဆို သုံးရက်တခါ လူသစ်လဲတဲ့ ရာထူးကြီးကြီး ပုဂ္ဂိုလ်တွေလည်း ရှိလာပါတယ်။ ဒီပုဂ္ဂိုလ်တွေက ဒီမြို့နယ်ကနေ တခြားမြို့ကို ပြောင်းသွားတိုင်း အနည်းဆုံးတော့ အမျိုးအစားကောင်းကောင်း ဆိုင်ကယ်ကို စီးပြီး ထွက်ခွာသွားကြပါတယ်။ အလာတုန်းကတော့ လက်ဗလာနဲ့ အပြန်မှာတော့ ကားအကောင်းစား စီးနိုင်သူတောင် ပါပါသေးတယ်။

ဒီမြို့နယ်မှာရှိတဲ့ ကျနော်တို့အိမ်ကို သူ မကြာခဏရောက်လာတာတော့ မဆန်းပါဘူး။ သူက နစ်နာသူတွေဘက်က ကူညီနေသူ ဖြစ်လို့ပါ။

သူ့ပုံစံက အရပ်ပုတဲ့အထဲ မပါဘူး။ လူကောင်က ခပ်ဝဝ၊ အမှတ်တမဲ့ကြည့်လျှင် တရုတ်လူမျိုးလို့ ထင်ရနိုင်တယ်။ သေသေချာချာကြည့်လျှင်တော့ ကရင်တိုင်းရင်းသားတယောက်နဲ့ တူတယ်။

အသားဖြူဖြူ၊ စကားပြောရင် တအေးတဆေး ပြောတတ်တယ်။ လူတယောက်ရဲ့ ပြောစကားကို သေသေချာချာ နားစိုက်ထောင်လေ့ရှိတယ်။ တဖက်သားကို အကြံပေး ပြောပြတော့မယ်ဆို ညင်ညင်သာသာနဲ့ တဖက်လူနားဝင်အောင် ပြောတတ်ဆိုတတ်တယ်။ လူတယောက်ပြောပြလာတဲ့ ပြဿနာအတိမ်အနက်ပေါ် မူတည်ပြီး လိုအပ်ရင် အသင့်ဆောင်လာတဲ့ ဘောပင်နဲ့ စာအုပ်ကိုထုတ်ပြီး လိုက်ရေးမှတ်လေ့ ရှိပါတယ်။

အဝတ်အစားကို သေချာကြည့်ရင် လည်ကတုံးအင်္ကျီအဖြူက မဲတဲ့အဆင့်မရောက်သေးပေမဲ့ ဖားဥတွေ တက်နေတာမျိုးပါ။ လုံချည်ကိုတော့ ကရင်ပုဆိုး အမြဲဝတ်တယ်။ အဝတ်အစားကို တောက်တောက်ပြောင်ပြောင် ဝတ်ဆင်လေ့ မရှိဘူး။ နစ်နာသူတွေဘက်ကနေ တရားရုံးချိန်းတွေ လိုက်ပေးတဲ့အခါ နွမ်းပါးတဲ့ တောင်သူတယောက်ရဲ့ ပုံစံမျိုးနဲ့ သွားရောက်နားထောင်လေ့ ရှိပါတယ်။

တရားရုံးတခုခုက နစ်နာသူဘက်က ရပ်တည်ဆုံးဖြတ်ပေးတာမျိုး မဟုတ်ရင် ဆိုင်ရာဆိုင်ရာကို နားပေါက်တဲ့အထိ တိုင်စာပို့ပေးတယ်။ လူကိုယ်တိုင်သွားပြီး တင်ပြတောင်းဆိုတာတွေ လုပ်လေ့ရှိတယ်။

သူဆောင်ရွက်ပေးတဲ့ ကိစ္စရပ်တိုင်းက ရေဒီယို၊ ဂျာနယ်၊ သတင်းစာမျက်နှာတွေပေါ်မှာ ရောက်လေ့မရှိတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

သက်ဆိုင်ရာဌာနတခုခုက နစ်နာသူ‌တွေဘက်က ရပ်တည်ဆုံးဖြတ်ပေးလိုက်ပြီဆိုရင် သူဆောင်ရွက်ပေးတဲ့ ကိစ္စရပ်တခု အောင်မြင်လိုက်တယ်။ ဒီလိုအမှုကိစ္စရပ်တခု အောင်မြင်ချိန်မှာလည်း ရိုးရိုးကုတ်ကုတ်သာ နေလေ့ရှိသူပါ။

သာမန်အရပ်သားတဦးသာ ဖြစ်ပါတယ်။ ရေဒီယိုတလုံးကို ပိုက်ပြီး အမှန်တရားကို ရှာဖွေနေသူပါ။ ဥပဒေပညာရှင်တွေ ထင်မထားတဲ့ တိုင်ကြားစာမျိုးကိုလည်း ရေးသားတတ်သူဖြစ်ပါတယ်။

သူကိုယ်တိုင်က ဥပဒေပညာရှင်တော့ မဟုတ်ပါဘူး။ မတရားတဲ့ အမှုအခင်းမှန်သမျှကို ရပ်ကျေးအဆင့်က ဆောင်ရွက်တယ်။ ဒီအဆင့်မှာ မပြေချောရင် မြို့နယ်အဆင့်ကို တက်တယ်။

မြို့နယ်အဆင့်က ငွေများတရားနိုင် ဖြစ်လာမယ်ဆိုရင် ခရိုင်အဆင့်၊ တိုင်းအဆင့်ကိုတက်ပြီး တင်ပြတိုင်ကြားတတ်သူ ဖြစ်ပါတယ်။ နေပြည်တော်တခေတ် ပေါ်လာတော့လည်း သက်ဆိုင်ရာ နေပြည်တော်ရုံး ရောက်တဲ့အထိကို နစ်နာသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးတတ်သူ ဖြစ်ပါတယ်။

ရေဒီယိုထဲက ပြည်ပနိုင်ငံတွေက ထုတ်လွှင့်တဲ့ မြန်မာ့သတင်းတွေကို မလွတ်တမ်း နားထောင်တယ်။ မြန်မာ့သတင်း၊ ကမ္ဘာ့သတင်းတွေကို ရေဒီယိုက ထုတ်လွှင့်တဲ့အချိန်တိုင်း မလွတ်တန်း နားထောင်တယ်။

တခါတရံမှာ ရေဒီယိုအစီအစဉ်တွေထဲက မှတ်သားစရာတခုခု ပါလာတယ်ဆို အိပ်ကပ်ထဲက အရန်သင့်ဆောင်ထားတဲ့ ဘောပင်ကိုထုတ်၊ ဘေးလွယ်အိတ်ထဲက စာအုပ်တအုပ်ကိုထုတ်ပြီး မှတ်သားလေ့ရှိတယ်။‌ ဒီလို ဘောပင်နဲ့စာရွက် မပါလာရင် အနားမှာရှိသူဆီကနေ ဘောပင်နဲ့ စာရွက်တောင်းပြီး မှတ်သားပါတယ်။

တရက်တော့ သူက အိမ်ကို ရေဒီယိုတလုံး သယ်လာပါတယ်။ အဲဒီ ရေဒီယိုက သူ့အတွက် လူတယောက်က ဝယ်ပေးလိုက်တာပါ။ သူက တန်ဖိုးကြီးပစ္စည်းရယ်လို့ ခုံမင်တတ်သူတဦးလည်း မဟုတ်ပါဘူး။ ရေဒီယိုက Tai Sin အမှတ်တံဆိပ်၊ အရောင်က အဖြူရောင်။ သူက အိမ်ကိုရောက်ရောက်ချင်း ပါလာတဲ့ ရေဒီယိုအသစ်ကို ထုတ်ပြီး ကျနော်တို့ကိုပေးတယ်။ အဲဒီနေ့က အဖေရော ကျနော်ပါ ပျော်ခဲ့ရတာကို အခုထိ မှတ်မိနေသေးတယ်။

အဲဒီအချိန် ကျနော်က ရေဒီယိုကလာတဲ့ သီချင်းတွေထက် သတင်းတွေကို ခုံခုံမင်မင်နား‌ထောင်တဲ့ အချိန် ဖြစ်နေပါပြီ။ အဖေနဲ့ ကျ‌နော်က သတင်းကြိုက်သူ အချင်းချင်းဆိုတော့ သားအဖတွေ ရေဒီယို လုစရာမလိုတော့ဘူးပေါ့။

ညဘက်တွေဆို သူက ကျနော်တို့နဲ့ မြန်မာ့သတင်း ကမ္ဘာ့သတင်းအကြောင်း ပြောတယ်။ တခါတရံမှာတော့ သူလိုက်ပေးနေတဲ့ အမှုအခင်းတခုခုရဲ့ အသွားအလာ အတိမ်အနက်ကို ပြောပြတယ်။

တွေ့ဖူးသမျှ ရေဒီယိုကြိုက်သူတွေထဲမှာ သူကတော့ သတင်းအစီအစဉ်ကလွဲရင် တခြားအစီအစဉ်တွေကို အလေးပေး နားထောင်သူ မဟုတ်ပါဘူး။ သူ့အရွယ်တွေ ရေဒီယိုထဲက အလွမ်းအဆွေးသီချင်းတွေကို ခုံမင်နေကြချိန် သူကတော့ ဘယ်နေရာမှာ မတရားမှု ရှိနေပြီလဲဆိုတဲ့ သတင်းအချက်အလက်ကိုသာ နားစွင့်လေ့ရှိသူပါ။

သူလိုက်ပေးသမျှ အမှုအခင်း‌တွေထဲမှာ ထင်ရှားတဲ့ အမှုနှစ်ခုရှိတယ်။ တခုက အိုင်ကလိန်အမှု။ အိုင်ကလိန်ဆိုတာ ရွာလေးတရွာပါ။ မြို့နဲ့တော့ အလှမ်းဝေးပါတယ်။

အဲဒီရွာက အိမ်တအိမ်မှာ အိမ်မှုကိစ္စတွေ ဆောင်ရွက်ဖို့ဆိုပြီး အမျိုးသမီးကလေးတယောက်ကို အငှားခေါ်ထားတယ်။ လစဉ် မိဘအိမ်ကို လစာလွှဲပေးနိုင်ပေမဲ့ အိမ်ရှင်က ကလေးကို သူ့မိဘတွေနဲ့ ပေးမတွေ့ဘူး။

အခြေအနေကို မိဘတွေကလည်း မရိပ်စားမိခဲ့ကြဘူး။ ပုံမှန် လကုန်ရက်တွေဆို လစာထုတ်မယ်။ ဒီ‌လောက်ပါပဲ။ ဒီလိုအခြေအနေကနေ တနေ့တော့ ကလေးဖြစ်သူက အလုပ်ရှင်အိမ်ကနေ ထွက်ပြေးလာတယ်။ အလုပ်လုပ်ဖို့ သွားတုန်းကတော့ အကောင်းပကတိ။ ထွက်ပြေးလာချိန်မှာတော့ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းလာတယ်။ အခြေအနေက စကားမပီတော့တဲ့ ဘဝကို ရောက်သွားတာပါ။ သူလိုက်ပေးတဲ့အမှုကို ပြောပြရင်း ဓာတ်ပုံတွေပါ ထုတ်ပြပါတယ်။

“ကလေးကို ဆီပူတွေနဲ့ပက်၊ လျှာကိုလည်း ပလာယာနဲ့ ကိုက်တာ လျှာနည်းနည်းတိုသွားလို့ စကားတောင် ကောင်းကောင်းမပီတော့ဘူး၊ စကားမပီတော့လို့ အခြေအနေကို မနည်းမေးယူရတယ်။”

ဓာတ်ပုံတွေထဲက ဝမ်းဗိုက်မှာ၊ ခြေထောက်တွေမှာ၊ မျက်နှာတခုလုံးမှာ အမာရွတ်တွေက အချက်ပေါင်း မနည်းလှပါဘူး။ နည်းပေါင်းစုံနဲ့ အခုလို ညှဉ်းပန်းနှိပ်စက်ခံရတာ လေးနှစ်ကျော်တယ်လို့ သူက ပြောပြပါတယ်။

ကလေးမိဘတွေက ဆိုင်ရာ ရပ်ကျေးအဆင့်ကနေ မြို့နယ်အဆင့်အထိ ရောက်ရှိလာပြီး တဖက်က မပြောပလောက်တဲ့ ငွေပမာဏနဲ့ ကြေအေးပေးဖို့ တောင်းဆိုတဲ့အပြင် ခြိမ်းခြောက်ပြောဆိုတာတွေကိုပါ လုပ်လာတဲ့အတွက် အမှုကို သူကိုယ်တိုင် နေပြည်တော်အဆင့်အထိ တက်ရောက်တိုင်ကြားပေးပြီး ထိရောက်တဲ့ အောင်မြင်မှု ရခဲ့တဲ့အကြောင်း သူက ပြောပြပါတယ်။

သူက တော်ရုံဆို တခြားသူတွေနဲ့ စကားပြောလေ့ မရှိပါဘူး။ သဘောထားခြင်း တိုက်ဆိုင်သူတွေကိုတော့ တအေးတဆေး ပြောပြတတ်တယ်။

နောက်ထပ် သူလိုက်ပေးတဲ့ အကြောင်းအရာတခုက တရုတ်ပြည်ကို လူကုန်ကူးခံရသူတဦးကို လိုက်လံ ကယ်ထုတ်ပေးနိုင်ခဲ့တာ။ တရုတ်ပြည်ကို အမျိုးသမီးတဦး လူကုန်ကူးခံရတဲ့ အခြေအနေကို ကာယကံရှင် မိသားစုဝင်တွေက အကူအညီတောင်းတဲ့အတွက် သူ လိုက်ပါကူညီပေးခဲ့တဲ့အကြောင်းပါ။

ခရီးစဉ်က အောင်မြင်မှုရခဲ့တယ်။ အဲဒီခရီးစဉ်ကအပြန်မှာ သူ့အတွက် အိမ်ပြန်စရာ လမ်းစရိတ် မရှိတော့လို့ ကျနော်တို့ အိမ်ကိုဝင်ပြီး လမ်းစရိတ်ချေးသွားရပါတယ်။ သူက မရှိတဲ့သူတွေအတွက် လယ်ပေါင် ယာပေါင်ပြီး အမှုလိုက်ပေးတတ်ပါသေးတယ်။

လယ်တွေယာတွေ အဆုံးခံရတာမျိုးလည်း မကြာခဏ ကြုံရသူပါ။ ဆိုင်ရာကို ချဉ်းကပ်တဲ့နေရာမှာ ကိုယ့်လူသူ့ဘက်သား ဖြစ်ရတာမျိုးတွေလည်း သူကြုံရပါတယ်။ အငှားလိုက်တဲ့ရှေ့နေက တခြားဘက် ပါသွားတာမျိုးဆို နောက်ထပ် သမာသမတ်ကျတဲ့ ရှေ့နေတဦးကို ရှာကြံရတာမျိုးတွေက သူ့အတွက်တော့ ကြုံရတဲ့အကြိမ်ပေါင်း မနည်းတော့ပါဘူး။

တရက်မှာတော့ အမှုအခင်းက အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ကြုံလာပါတော့တယ်။ ဘိုးဘွားပိုင်မြေကွက်ကို သာသနာ့မြေအဖြစ် သတ်မှတ်ခံလိုက်ရတာပါ။

နှစ်ဖက်အပြန်အလှန် ငြင်းခုန်ရင်း တရားရုံးရောက်တဲ့ အခြေအနေကို ဆိုက်ရောက်လာပါတော့တယ်။ အဖေကိုယ်တိုင် ရုံးချိန်းပေါင်းများစွာ နှစ်ပေါင်း ၇ နှစ်ကျော်ကြာ တက်ရောက် အမှုရင်ဆိုင်ပြီး နစ်နာချက်ကို တောင်းဆိုခဲ့ပါတယ်။

တရားရုံးမှာ အမှုရင်ဆိုင်လာတာ တရားလိုဘက်က ရှေ့နေ ခြောက်ယောက်ရှိလာပါတယ်။ တရားလိုဘက်က မရပ်ဘဲ တဖက်သွားတဲ့အတွက် ထိရောက်မှုတော့ မရှိခဲ့ဘူး။ အဲဒီအချိန်မှာ ခုနှစ်ယောက်မြောက် ရှေ့နေငှားဖို့ ဆုံးဖြတ်ကြတယ်။ ရှေ့နေထပ်ငှားဖို့က ပြောသလောက်‌တော့ လွယ်ကူမနေပါဘူး။

အကြောင်းကတော့ ခုနှစ်ယောက်မြောက် ခေါ်ယူမယ့် ရှေ့နေဖြစ်သူက ရှေ့နေလောကကထွက်ပြီး နေရာတခုမှာ အလုပ်လုပ်နေရင်း စာအုပ်စာပေ ဖတ်ရှုနေသူ ဖြစ်နေတာပါ။

ဒီလို ရှေ့နေအလုပ်က ရပ်နားထားသူကို အခုအမှုမှာ လိုက်ပါဆောင်ရွက်ပေးဖို့ ခေါ်လို့ရနိုင်ပါ့မလားဆိုတဲ့ စိန်ခေါ်ချက်ကို စိုးရိမ်ကြပါတော့တယ်။ ဘယ်လိုပဲ စိုးရိမ်စေကာမူ သူက ရောက်အောင်သွားပြီး အကူအညီတောင်းခံရာမှာတော့ အဲဒီရှေ့နေဖြစ်သူက မဆိုင်းမတွ လိုက်ပါလာပါတယ်။

အဲဒီ ခုနှစ်ယောက်မြောက် ရှေ့နေဆိုသူကတော့ တခြားသူမဟုတ်ပါဘူး။ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေတဲ့ မန်းဝင်းခိုင်သန်းပဲ ဖြစ်ပါတယ်။ ခုနှစ်ယောက်မြောက် ရှေ့နေဖြစ်သူ လိုက်ပါဆောင်ရွက်ပေးတဲ့ ရုံးချိန်း သုံးချိန်းမြောက်မှာတော့ ကျူးကျော်ခံရတဲ့ မြေကွက်တွေထဲက တချို့တဝက်ကို ပြန်လည်ရရှိခဲ့ပါတယ်။

ကျနော် လွတ်မြောက်နယ်မြေကို မရောက်ခင်က သူနဲ့ ခဏဆုံဖြစ်တယ်။ လွန်ခဲ့သော ဆယ်စုနှစ်တခုက ရေဒီယိုတလုံးနဲ့ အမှန်တရားရှာဖွေနေသူက အခုအချိန်အထိ ရေဒီယိုတလုံးကို အဖော်ပြုနေတာကို တွေ့ရတယ်။ သူနဲ့အတူ အမှန်တရားကို မယိမ်းမယိုင် မားမားမတ်မတ်ရပ်ပြီး ပါဝင်ဖော်ဆောင်ပေးခဲ့ဖူးသူဖြစ်တဲ့ မန်းဝင်းခိုင်သန်းရဲ့ ရေဒီယိုမိန့်ခွန်းကိုလည်း နားထောင်နေတဲ့ အကြောင်း ပြောပြတယ်။

ခေတ်ကာလ အခြေအနေအရ အားမတန်လို့ မာန်လျှော့ထားရတဲ့ သူ့မျက်နှာပုံရိပ်တချို့ကိုလည်း မြင်ရပါတယ်။ ရေဒီယိုတလုံးကတော့ သူနဲ့အတူ ရှိနေဆဲပါပဲ။ လိုင်းပေါင်းစုံက အသံပေါင်းစုံကို သူကြားရနိုင်ပါတယ်။ အမှန်တရားကို သူရအောင်ရှာဖွေနေမှာလည်း မလွဲပါ။

တာပလု

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024