
နိုင်ငံတကာခရီးသွားတွေ မြန်မာနိုင်ငံကိုရောက်ရင် မရောက်မဖြစ် သွားကြတဲ့နေရာက ပုဂံပါ။ ပုဂံလမ်းမတွေမှာတော့ ခရီးသွားတွေ အလုပ်ရှုပ်နေကြပါတယ်။ ခရီးသွားတွေဆိုတာ ပြည်တွင်းက ခရီးသွားတွေပါ။ နိုင်ငံခြားသားခရီးသွား တယောက်တလေမှတောင် မတွေ့ရပါဘူး။ အာဏာသိမ်းတဲ့နောက်ပိုင်း မတည်ငြိမ်တဲ့ အခြေအနေကြားမှာ နိုင်ငံခြားခရီးသွားတွေ ပုဂံကိုလာဖို့ စိတ်မဝင်စားတော့တာလည်း ဖြစ်နိုင်ပါတယ်။
ကမ္ဘာ့အန္တရာယ်အရှိဆုံး နယ်မြေတွေထဲမှာ မြန်မာနိုင်ငံကို အနီရောင်အဆင့် သတ်မှတ်လိုက်တဲ့ နောက်ပိုင်း နိုင်ငံခြားသားခရီးသွားတွေ ပုဂံကိုလာဖို့ လက်ရှောင်သွားကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ခရီးသွားဖို့ မသင့်တော်တဲ့ အန္တရာယ်ရှိတဲ့ အနီရောင်အဆင့် သတ်မှတ်ထားစေကာမူ ပြည်သူပြည်သား ခရီးသွားတွေကတော့ ပုဂံကို ဦးတည် ရောက်သွားကြပါတယ်။
ပြည်တွင်းက ခရီးသွားအေဂျင်စီတွေက အွန်လိုင်းစာမျက်နှာပေါ်မှာ ပုဂံခရီးစဉ်အတွက် အပြိုင်အဆိုင် ဆွယ်နေကြတာကိုလည်း တွေ့ရမှာပါ။ ပြည်တွင်းခရီးသွားတွေ သက်သာချောင်ချိဖို့အတွက် အထူးပရိုမိုးရှင်းတွေနဲ့ပါ ကြော်ငြာနေကြတာ ဖြစ်ပါတယ်။
ပုဂံက ဘုရားစေတီတွေရှေ့မှာတော့ ဖုန်းတလုံးနဲ့ ပရိုကျကျ ဓာတ်ပုံရိုက်ပေးနေကြတဲ့ ကလေးတွေကို တွေ့ရမှာပါ။ သူတို့တွေက ဘုရားစေတီတိုင်းလိုလိုမှာ ရှိနေတတ်ပါတယ်။
ခရီးသွားတွေ အများစုက သူတို့ရိုက်ပေးတဲ့ပုံတွေကို သဘောကျကြပါတယ်။ ဖုန်းကင်မရာကို အလင်းအမှောင်ချိန်တာ၊ ကင်မရာရှုထောင့် ယူတာပါအစ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတွေ ထက်တောင် သာဦးမယ်လို့ ပိုပိုသာသာလေး ပြောချင်ပါတယ်။ သူတို့မို့ ရိုက်လိုက်ပြီဆို ပုံကောင်းထွက်တာ များပါတယ်။
“ရိုက်ပေးချင်လို့ပါ၊ စေတနာရှိသလောက် ပေးသွားလို့ရပါတယ်၊ ဓာတ်ပုံလည်း ကောင်းကောင်း ရိုက်တတ်ပါတယ်၊ မမဂျီဆုပုံမျိုး ဖြစ်အောင်လည်း ရိုက်ပေးနိုင်ပါတယ်”
ခရီးသွားတွေကို သူတို့ ဓာတ်ပုံဘယ်လောက်ရိုက်တတ်လဲ ဆိုတာကို လိုက်ပြောပြနေကြတာပါ။ တခါတရံ ခရီးသွားတွေရဲ့ လက်ကလေး လာကိုင်ပြီးတော့ သူတို့ ဓာတ်ပုံရိုက်ပေးချင်တဲ့အကြောင်း ပြောပါတယ်။ ကိုရီးယားမင်းသမီးတယောက်လို လှသွားအောင် ဓာတ်ပုံရိုက်တော်တဲ့အကြောင်းပါ ထည့်ပြောပါသေးတယ်။
ဈေးသည်တွေကလည်း အပြိုင်အဆိုင် ဈေးခေါ်ရောင်းကြပါတယ်။ ပုဂံရဲ့ လမ်းမတွေပေါ်မှာ ကား၊ လျှပ်စစ်ဆိုင်ကယ်၊ မြင်းလှည်းတချို့ သွားလာနေကြပါတယ်။ ဘုရားစေတီတွေဘေးမှာ ခရီးသွားတွေ ရှိနေတတ်ပေမဲ့ ဧရာဝတီမြစ်ထဲက ရေယာဉ်တွေကတော့ ကျောက်ချ ရပ်ထားကြပါတယ်။ မြစ်တကျောမှာတော့ ရေစီးသံကလွဲရင် ရေယာဉ်စက်သံတွေ တိတ်ဆိတ်လို့ နေပါတယ်။
ပုံမှန်အချိန်တွေတုန်းက တဖက်ကမ်းမှာရှိတဲ့ တန့်ကြည့်တောင်ပေါ်က ဘုရားစေတီကို ခရီးသွားတွေ သွားရောက်ဖူးမြော်ဖို့ ပို့ဆောင်ပေးကြရပါတယ်။ အဲဒီအချိန်တွေတုန်းက ဧရာဝတီမြစ်ထဲ ဒီဇယ်ညှော်နံ့တွေနဲ့ ရေယာဉ်တွေလည်း အလုပ်ရှုပ်နေကြမှာပါ။
အခုတော့ ကျောက်ချရပ်နားနေကြပါတယ်။ အကြောင်းကတော့ တန့်ကြည့်တောင်အနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားတဲ့အတွက် ခရီးသွားတွေအတွက် အန္တရာယ်ရှိနိုင်လို့ တဖက်ကမ်းကိုကူးဖို့ ပိတ်ထားတာပဲ ဖြစ်ပါတယ်။
မြစ်တစင်းစာ ခြားထားတဲ့ နေရာမှာ တဖက်တမျိုးစီပါ။ တဖက်မှာ ခရီးသွားတွေ သွားလာနေချိန် တဖက်ခြမ်းမှာတော့ မတရားမှုကို တွန်းလှန်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ။ တကယ်တော့ မြစ်ထဲက ရေယာဉ်တွေ အစီအရီ ရပ်ထားရသလို ကုန်းပေါ်က မြင်းလှည်းတွေလည်း တန်းစီရပ်ထားတာကို ကြည့်ခြင်းအားဖြင့် သူတို့တွေလည်း အလုပ်မဖြစ်တာ သိသာစေမှာပါ။
ပုဂံကို ပြည်တွင်းက ခရီးသွားတွေ လွယ်လွယ်ကူကူ ရောက်လာကြတာတော့ မဟုတ်ပါဘူး။ ရန်ကုန်မြို့ကြီးကအထွက် သုညမိုင် (Zero mile) မရောက်ခင် ကြားတဖြတ်မှာတင် စစ်ဆေးရေးဂိတ်ကို စပြီး ဖြတ်ရပါတယ်။
အမြန်လမ်းတလျှောက်မှာလည်း နောက်ထပ် စစ်ဆေးရေးဂိတ်တွေကို ဖြတ်ရပါသေးတယ်။ အမြန်လမ်းကနေ ညောင်ဦးကိုချိုးဝင်တဲ့ လမ်းမှာလည်း Lock Down ဆိုတာ ရှိတဲ့အတွက် ညပိုင်းထွက်လာတဲ့ကားတွေ အမြန်လမ်းရဲ့ လမ်းဘေးတနေရာမှာ ခဏတာ အိပ်စက်ကြရပါသေးတယ်။
အဆင့်ဆင့်သော စစ်ဆေးရေးဂိတ်တွေမှာတော့ မှတ်ပုံတင်ကို အဓိကစစ်ဆေးပါတယ်။ အခုနှစ် ၂၀၂၄ မှာတော့ မှတ်ပုံတင်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ လုပ်လာပါတယ်။ မှတ်ပုံတင် လဲမထားရင် ဂိတ်တဂိတ်ကို ၃,၀၀၀ ကျပ် ပေးရပါတယ်။ ၁၈ နှစ်ပြည့်ရင် လဲရမယ့်မှတ်ပုံတင်ကို လဲမထားရင်၊ ၃၀ နှစ်ပြည့်ရင် လဲရမယ်လို့ပါတဲ့ မှတ်ပုံတင်ကို အသစ်မလဲထားဘူး ဆိုရင်တော့ စစ်ဆေးရေး တဂိတ်ဖြတ်တိုင်း မြန်မာငွေ ၃,၀၀၀ ကျပ် ပေးရတာပဲဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေက ပြည်တွင်းခရီးသွားတွေအဖို့ ပုဂံကို ဖြောင့်ဖြောင့်ဖြူးဖြူး လာလို့မရဘူး ဆိုတာ သိသာစေတဲ့အချက်ပဲ ဖြစ်ပါတယ်။
စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေတွေက ပုဂံကို ရောက်လာခဲ့ရင်တော့ အရင်ကလို လွတ်လပ်ပေါ့ပါးစိတ်တွေ ရှိနေစေမှာတော့ မဟုတ်ပါဘူး။ ခရီးသွားတွေရဲ့ အခုလို အခြေအနေကလည်း ပုဂံမှာ ခရီးသွားတွေကို အားထားရတဲ့ လုပ်ငန်းတွေလည်း ထင်သလောက် အလုပ်အကိုင် မကောင်းတော့ဘူးဆိုတာ သေချာပါတယ်။
ပုဂံကိုရောက်ပြီဆို မြင်းလှည်းစီးပြီး ဘုရားဖူးတာ၊ ရေယာဉ်စီးပြီး ပုဂံတဖက်ကမ်းမှာရှိတဲ့ တန့်ကြည့်တောင်ပေါ်က ဘုရားတွေ ဖူးတာတွေကို ပုံမှန်အချိန်တွေတုန်းက လည်ပတ်ဖူးမြော်ကြတာ ဖြစ်ပါတယ်။ တဖက်ကမ်းကိုကူးဖို့ လုံခြုံရေး စိုးရိမ်ရတဲ့အတွက် ခရီးသွားတချို့က မြစ်ထဲမှာပဲ အလျားလိုက် စုန်ချည်ဆန်ချည် ရေယာဉ်စီးပြီး ကုန်းပေါ်ပြန်တက်ကြသူတွေလည်း ရှိကြပါတယ်။
လတ်တလော မကြာသေးခင်က ပုဂံကို ခရီးသွားခဲ့တဲ့ မိတ်ဆွေတယောက်ကို ပုဂံက ရေယာဉ်တွေ အခြေအနေကို မေးကြည့်ဖြစ်တော့ အခုလိုပြောပါတယ်။
“ရေယာဉ်တွေရှိတဲ့ ဗူးဘုရားနဲ့ လောကနန္ဒာဘုရားမှာ အသေးစားအသံချဲ့စက်နဲ့ အော်နေတာကို ကြားခဲ့တယ်။ တဖက်ကမ်းကိုကူးပြီး ဘုရားသွားဖူးချင်တယ်ဆို သွားဖူးလို့ရတယ်။ လုံခြုံရေးတော့ တာဝန်မယူဘူးလို့ အော်နေတာကို ကြားရတယ်” လို့ ပြောပြပါတယ်။
ကာလတခုကြာ ရပ်နားထားရတဲ့ စက်တပ်ရေယာဉ်တွေ အလုပ်ဖြစ်ဖို့အတွက် လမ်းကြောင်းဖွင့်ပေးသလား ဆိုတာတော့ မသိရပါဘူး။ လုံခြုံရေးအရ တာဝန်မယူနိုင်တဲ့ နေရာကို ဘာလို့မတားသလဲတော့ မသိပါဘူး။ သူတို့တော့ ရေယာဉ်စီးပြီး တဖက်ကမ်းကို ဘုရားသွားဖူးဖို့ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
ပုဂံကိုရောက်ရင် ဘုရားစုံအောင်ဖူးဖို့ဆိုတာ မလွယ်လှပါဘူး။ နေရာစုံအောင် ရောက်ဖို့ဆိုတာ အချိန်ပေးနိုင်မှ ရမှာပါ။ ပုဂံဘုရားတွေကို လိုက်ဖူးရင်း ဖြတ်ကနဲ တွေ့လိုက်မိတဲ့အရာက နန်းမြင့်မျှော်စင်ပါ။ ပုဂံဘုရားတွေ အစီအရီကြားထဲက မားမားထီးထီးကြီး ထိုးထွက်နေတာပါ။
ညောင်ဦးမြို့နယ် မင်းနန်သူရွာက ပုဂံနန်းမြင့်မျှော်စင်ဟာ ၆၆ မီတာ အမြင့်ရှိတယ်လို့ ဆိုပါတယ်။ ခရိုနီသူဌေးကြီး ဦးတေဇရဲ့ ထူးလုပ်ငန်းစုက ဆယ်စုနှစ် နှစ်ခုလောက်တည်းက လည်ပတ်ခဲ့ပါတယ်။
ပုဂံလို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နယ်မြေမှာ အခုလို တည်ဆောက်ခွင့်ရတာကို ဝေဖန်သံတွေ ထွက်ခဲ့တဲ့ အခြေအနေလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲ ဝေဖန်ပြောဆိုပါစေ နန်းမြင့်မျှော်စင်ကြီးကတော့ ထီးထီးမားမားကြီး အခိုင်အမာ ခြေကုပ်ယူပြီး ပေါ်ပေါက်လာခဲ့ပါတယ်။ အခုဆိုရင် ဆယ်စုနှစ်နှစ်ခုစာ ရှိလာပြီလည်း ဖြစ်ပါတယ်။
မကြာသေးခင်က ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ် ပေါ်ပေါက်ဖို့အတွက် အရောင်းစာရင်း တင်ထားတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။ လက်ရှိပိုင်ရှင် ခရိုနီသူဌေးကြီးက မြန်မာပြည်ထဲက ပိုင်ဆိုင်မှုတွေကို တခုချင်း ဖြုတ်ရောင်းနေတာလားဆိုတာ စဉ်းစားစရာပါ။ ဒီမတိုင်ခင်ကလည်း ရန်ကုန်မှာရှိတဲ့ သူ့ပိုင်ဆိုင်မှုတွေထဲက တခုကို ထုတ်ရောင်းပြီးခဲ့ပြီ မဟုတ်လား။
ပုဂံကို ခရီးသွားတွေ အလာနည်းသွားတာဟာ ပုဂံက မြင်းလှည်းသမားတွေ လုပ်ငန်းထိခိုက်ရသလို ခရိုနီသူဌေးကြီးရဲ့ လုပ်ငန်းဟာလည်း ထိခိုက်လာတဲ့ သဘောများလား ဆိုတာ စဉ်းစားစရာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဆင်ပိန်ရင် ကျွဲလောက်တော့ ကျန်မှာပါ။ ခရိုနီသူဌေးကြီးတဦး ဆင်းရဲသွားစေဦးတော့ လက်ဆုပ်လက်ကိုင်ပြစရာ တခုခုတော့ ကျန်ဦးမှာပါ။ ပုဂံက အညတရ မြင်းလှည်းမောင်းသူတွေနဲ့ ခရီးသွားတွေ မျှော်နေကြသူတွေအဖို့တော့ ဘယ်လောက် အတိုင်းအတာအထိ ထိခိုက်ကြမလဲဆိုတာ ပြေးကြည့်စရာမလိုဘဲ တွေးကြည့်ရုံနဲ့ သိနိုင်မှာပါ။
တခေါက်တကျင်း ရောက်ဖူးခဲ့တဲ့ နန်းမြင့်မျှော်စင်ပေါ်က မြင်ကွင်း။ အချိန်အခါက တောင်စွယ် နေကွယ်တော့မယ့် အချိန်ပါ။ ဧည့်သည်တွေက နန်းမြင့်မျှော်စင်ပေါ် ရောက်အောင် တက်နေကြပါတယ်။
လူငယ်လူရွယ်တွေက သွက်သွက်လက်လက် တက်သွားကြပေမဲ့ သက်ကြီးရွယ်အိုတချို့က ဘေးကလူတယောက် တွဲခေါ်လျက်နဲ့ တွယ်တက်နေတာပါ။ ပုဂံကို ရောက်တုန်းရောက်ခိုက် မျှော်စင်ပေါ်တက်ရတာ မျှော်စင်ပေါ်က မြင်ကွင်းကို ကြည့်ချင်တာမျိုး ဖြစ်မှာပါ။
လှေကားထစ် အထပ်တိုင်းက သစ်သားပါကေး ခင်းထားပါတယ်။ မျှော်စင်ပေါ်ရောက်အောင် အချိန်ပေး တက်ရတာပါ။ လှေကားလက်ရန်းတွေနဲ့ လှေကားအခင်းတွေက သစ်ပင် ဘယ်နှစ်ပင်လောက် ခုတ်လှဲပစ်ခံရမလဲဆိုတာ စိတ်ထဲက ရေတွက်နေမိတယ်။
ကြိုးစားပမ်းစား တက်လာကြတဲ့ ဧည့်သည်တွေက နန်းမြင့်မျှော်စင်ရဲ့ အပေါ်ဆုံးကို ရောက်ရှိလာကြပါတယ်။ မျှော်စင်အပေါ်ဆုံးကနေ မြင်ရတဲ့မြင်ကွင်းက ပုဂံက ဘုရားစေတီတွေကို အပေါ်စီးကနေ မြင်တွေ့ရပါတယ်။
ပုဂံ ဘုရားစေတီတွေအပြင် မျှော်စင်ရဲ့ အောက်ခြေအနီးက ဟိုတယ်ဇုန်တခုကိုပါ မြင်တွေ့ရပါတယ်။ ဟိုတယ်အရောင်က ဟောင်းနွမ်းနေတဲ့ စေတီအုပ်ပုံတွေအရောင်နဲ့ တထပ်တည်းကျအောင် လုပ်ထားသလိုပါပဲ။ အရောင်က ဘယ်လိုပဲ တူသရောင် လုပ်ထားပေမဲ့ မတူတာက ဘုရားစေတီတွေကြားမှာ ဟိုတယ်ဇုန်တခုက မြင်ကွင်းထဲ ပုံစံတမျိုးနဲ့ မြင်ရတာမျိုးပါ။
မျှော်စင်ပေါ်ရောက်တော့ ဧည့်သည်တွေက ဓာတ်ပုံရိုက်ရင်း အလုပ်ရှုပ်နေကြပါတယ်။ ရှုခင်းပုံကို အမိအရ ရိုက်သူတွေ၊ တယောက်တလှည့် ဓာတ်ပုံရိုက်ကြသူတွေနဲ့ တန့်ကြည့်တောင်တန်းပေါ်က ဝင်ခါနီးဖြစ်နေတဲ့ နေလုံးကြီးကို ကြည့်နေကြသူတွေ ရှိပါတယ်။ ဒီအထဲမှာမှ တန့်ကြည့်တောင်ကို အနီးကပ်မြင်ရမယ့် တခုတည်းသော မှန်ပြောင်းကို ကြည့်ရဖို့အတွက် အလှည့်ကျ စောင့်နေကြသူတွေလည်း ရှိရဲ့။
တောင်စွယ်နေကွယ်မှာကို ကြည့်နေရင်း တယောက်သောသူက အခုလို ထပြောပါတယ်။
“နေကွယ်ဖို့အတွက်ကြည့်မှာ နေလုံးလည်း မမြင်ရဘဲနဲ့”
တကယ်လည်း ရာသီဥတု သာသာယာယာရှိနေတဲ့ ရာသီအချိန်မျိုးမှာ တိမ်တွေက နေလုံးကို ဖုံးနေလို့ပါပဲ။ သူက တိမ်ဖုံးနေတဲ့ နေလုံးကို အားမလိုအားမရတဲ့ပုံနဲ့ ထပြောလိုက်တာပါ။ ခဏအကြာမှာပဲ ဧည့်သည်တွေကို လိုက်ပို့ပေးတဲ့ ဝန်ထမ်းတဦးက ထိုလူရဲ့စကားမေးကို အခုလို ပြန်ပြောပြပါတယ်။
“ဟုတ်တယ်ဗျ၊ ကျနော် ဒီကိုတက်တာ ခြောက်ခေါက်ရှိပြီ။ ရောက်တဲ့အချိန်တွေကလည်း အချိန်ကောင်းချည်းပဲ။ ရောက်တိုင်းလည်း နေကွယ်တာကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး”
နေဝင်ချိန်ကိုကြည့်ဖို့ အားခဲရောက်လာကြသူတွေ အခုလိုအခြေအနေမျိုး ဘယ်နှစ်ယောက် ကြုံဖူးကြမလဲတော့ မပြောနိုင်ပါဘူး။ နန်းမြင့်မျှော်စင်ကနေ တန့်ကြည့်တောင်ပေါ်က နေဝင်ချိန်ကို ထင်ထင်ရှားရှား မမြင်ရတာဟာ ကျိန်စာသင့်ထားလိုပဲလား။ နန်းမြင့်မျှော်စင်တည်ဆောက်တဲ့ ခရိုနီသူဌေးကြီးကရော ကျိန်စာထဲက လွတ်မြောက်ဖို့အတွက် အရောင်းစာရင်း တင်ထားတာမျိုးလား ဆိုတာကိုသာ တွေးမိပါတယ်။
တာပလု