Home
ဆောင်းပါး
မြို့ပြကိုကျောခိုင်းခဲ့သူ
DVB
·
January 21, 2025
Design-DVB

ညပိုင်းတွေ အလုပ်ဆင်းရင် သတိထားဦးနော်လို့ ကျနော့်ကို ဂရုစိုက်ပေးကြတဲ့ စကားသံတွေကို ခပ်စိပ်စိပ် ကြားရတယ်။ ဗိုက်ဗာလိုနေရာကနေ ‌ကြားရသလို မက်ဆင်ဂျာလိုနေရာကနေလည်း ကြားရတယ်။ စကားလုံးတွေနဲ့ စာပို့ပြီး Take Care လုပ်ပေးကြသလို အသံမက်ဆေ့ချ် ပို့လာပြီးတော့ ဂရုစိုက်ဖို့ ပြောတာကိုလည်း ကြားရတယ်။

ဂရုစိုက်ပေးတယ် ဆိုတာက လူတယောက်ကို စိတ်ခွန်အားပေးတာပါပဲ ဆိုတာကို နားလည်မိပါတယ်။ ကိုယ်တိုင်လက်တွေ့မှာတော့ ထင်ထားသလောက်တော့ မလွယ်ပါဘူး။ သိတဲ့အတိုင်းပဲ Convenient Store ဆိုတာ အရင်ကဆို ၂၄ နာရီဖွင့်တဲ့ ဆိုင်တွေပါ။ COVID-19 ကပ်ရောဂါဖြစ်တဲ့ အချိန်ကစပြီး ညပိုင်းဆိုင်ဖွင့်ချိန်တွေကို လျှော့ချလိုက်တာပါ။ စစ်တပ်က အာဏာသိမ်းတော့ ထပ်ပြီး အချိန်ထပ်လျှော့တာမျိုး ရှိပါတယ်။ အချိန်ထပ်လျှော့တယ်ဆိုတာ ညပိုင်း ဆိုင်ဖွင့်ချိန်ကို ထပ်လျှော့တာကို ဆိုလိုတာပါ။

ဒီလို ထပ်လျှော့လိုက်ပေမဲ့ စတိုးဆိုင်အလုပ်သမ၊ စတိုးဆိုင်လုပ်သားတွေ အတွက်တော့ အိမ်ပြန်ချိန်ဟာ ညဉ့်နက်လှတယ်လို့ ပြောလို့ရပါတယ်။ လမ်းပေါ်မှာ ခွေးတကောင် ကြောင်တမြီးမှ မရှိတဲ့အချိန် အဆောင်ကို ပြန်ရတာတော့ ကျောချမ်းစရာပါ။ ကျောချမ်းစရာလို့ ပြောရတာက သရဲကြောက်လို့တော့ မဟုတ်ဘူး။ ပေါ်တာဆိုတဲ့ သတင်းက တယောက်တည်း အိမ်ပြန်ချိန်တွေမှာ ခေါင်းထဲရောက်ရောက်လာလို့ပဲ ဖြစ်ပါတယ်။

ပေါ်တာဆွဲခံရတဲ့ သတင်းတွေက ပလူပျံအောင်ကို ကြားနေရတာ။ လမ်းထိပ်က ဈေးသည်အန်တီကြီးက “ကောင်လေး ညဘက်ပြန်ရင် ကင်းလှည့်တဲ့ကားတွေကို သတိထားပြန်နော်” တဲ့။ သတိထားရတာထက် စိုးရိမ်စိတ် ပိုဖြစ်မိတာပါ။ အာဏာမသိမ်းခင်ကတည်းက ရန်ကုန်တက်ပြီး အလုပ်ရှာတော့ ဒီအလုပ်ရလို့ ဒီအလုပ်ကိုပဲ လုပ်ခဲ့တာ။ တခြားအလုပ် ပြောင်းလုပ်ဖို့ ဆိုတာကလည်း လွယ်ကူတာတော့ မဟုတ်ဘူး။ ဒီလို ကျီးလန့်စာစားဘဝနဲ့ စတိုးဆိုင်မှာ ညပိုင်းအလုပ်ဆင်းပြီး အလုပ်သိမ်းတဲ့အချိန် အဆောင်ပြန်ရတဲ့ ဘဝကိုလည်း အဆုံးသတ်ချင်နေတာတော့ အမှန်ပဲ။

သေသေချာချာတွေးကြည့်ရင် ရင်နာစရာကြီးပါ။ မချစ်မနှစ်သက်တဲ့သူတွေကို ဈေးရောင်းပေးရတာလည်း ဝဋ်ကြွေးတခုပဲ။ ဒီထက်ပိုပြီး ကသိကအောက်ဖြစ်ရတာ စစ်တပ်ထုတ်ကုန်တွေကို ရောင်းပေးနေရတာပဲ။ ကျနော် ဒီလိုဆိုင်မှာ ဈေးမရောင်းချင်တော့ဘူး။ တော်လှန်ရေးရဲဘော်တွေဆီ သွားပြီးတော့ ပြန်တိုက်ချင်တာလို့ ပြောတော့ မြို့ပေါ်မှာနေပြီး တချို့အရာတွေ လုပ်လို့ရတယ်။ ကနဦး လုပ်ရမှာက ပေါ်တာဆွဲမခံရဖို့ပဲ။ ခါတိုင်းလိုတော့ မနေနဲ့။ လမ်းသွားရင် အရှေ့ကို မြင်နိုင်သလောက် ကျော်ကြည့်။ အရှေ့မှာ စစ်သားတွေ ကင်းလှည့်တဲ့ကား ဘယ်နေရာမှာရပ်ထားလဲ ဆိုတာကို ကြည့်။ သူတို့ကားရပ်ထားတဲ့နေရာကို မသွားဘဲ တခြားလမ်းက ရှောင်သွား။ သူတို့ပေါ်တာဆွဲတာ မခံရအောင် နေထိုင်တာ၊ သူတို့နဲ့လွတ်အောင် နေတာဟာလည်း တော်လှန်ရေးလုပ်ခြင်း တမျိုးပဲလို့ တချို့က ကျနော့်ကို အကြံပေး‌တယ်။

သတိထားပြီး နေရတာလည်း အာမခံချက်မရှိဘူး။ ထင်မထားတဲ့ နေရာကနေ ဆွဲသွားရင်လည်း ပါသွားနိုင်တာပဲ။ သတင်းတခုမှာဆို အရပ်ဝတ်နဲ့ တက္ကစီသမားယောင်ဆောင်ပြီး လူငယ်တွေကို ကားပေါ်ဆွဲတင်သွားတာဆိုပြီး ဖတ်လိုက်ရတယ်။ လူပျောက်ကြော်ငြာတွေလည်း ခပ်စိပ်စိပ် တွေ့လာရတယ်။

ဆိုင်ကိုလာနေကျ ရဲတယောက်ရဲ့ ပြောစကားကိုပဲ နားထောင်ကြည့်ဗျာ။ အာမခံချက်မရှိဘူး။ သူတို့တောင်မှ မသေချာဘူးတဲ့။ မသေချာဘူးဆိုတာက သူတို့ကိုယ်တိုင်လည်း ပေါ်တာဆွဲတာ မခံရဘူးလို့ မပြောနိုင်ဘူးလို့ ဆိုလိုတာပါ။ စစ်ကောင်စီရဲ့ လက်အောက်ခံတွေ၊ စစ်ကောင်စီ လည်ပတ်ဖို့ ပါဝင်ပေးနေကြတဲ့ ထောက်တိုင်တွေတောင်မှ အာမခံချက်မရှိတဲ့ မသေချာခြင်းတွေနဲ့ ကြုံနေရချိန်မှာ ကျနော်တို့လို စတိုးဆိုင်ဝန်ထမ်းတွေဆိုတာ ဘာမို့လို့လဲ။ အချိန်မရွေး ပေါ်တာဆွဲခံရနိုင်တယ် ဆိုတာပါပဲ။

ဒါဟာ လူငယ်တွေအတွက် ကပ်ဆိုက်ခြင်းတမျိုးပဲ။ စစ်ကောင်စီရဲ့ ပေါ်တာဆွဲတာ ခံလိုက်ရပြီး မရဏလမ်းကို ချက်ချင်းရောက်သွားနိုင်လို့ပါ။ မြို့ပြဆိုတာ အရင်ကလို လူငယ်တွေအတွက် လွတ်လပ်ခွင့် မရှိတော့တဲ့နေရာ ဖြစ်လာတယ်။ ဒီထက်ပိုဆိုးတာက လူငယ်တွေရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်လာတဲ့နေရာ ဖြစ်လာတာပါ။

ရန်ကုန်ဟာ ပုံမှန်မဟုတ်တော့တဲ့နေရာ ဖြစ်လာတယ်။ လှောင်ပိတ်ထားတဲ့ အခန်းတွေထဲကို ညမိုးချုပ်ပြီ ဆိုတာနဲ့ ဝင်သွားကြတယ်။ အညောင်းပြေ အညာပြေ လမ်းထွက်လျှောက်ကြတဲ့သူတွေတောင် အထဲကနေ အပြင်မထွက်ကြတော့ဘူး။ ကျနော်တို့လို ညအချိန်မတော် အလုပ်ပြန်ကြတဲ့သူတွေကိုတောင် မထွက်ကြည့်ကြတော့တဲ့ အခြေအနေမျိုးပါ။ လူတွေက အခန်းထဲ လှောင်ပိတ်ခံထားရတယ်။ လှောင်ပိတ်ခံထားရတယ်ဆိုတာ အချိန်တခုခုမှာ ပေါက်ကွဲထွက်လာဖို့အတွက်လည်း ဖြစ်နိုင်တယ်။

ဆိုင်မှာ စစ်တပ်ထုတ်ကုန်တွေကို တင်ရောင်းပေးရမယ်တဲ့။ မန်နေဂျာက လှမ်းပြောတော့ ဘာမှမတုံ့ပြန်ခဲ့ပါဘူး။ မရောင်းပေးနိုင်ဘူးလို့ ပြောရအောင်လည်း ဒီအလုပ်ကနေ ထွက်သွားမှပဲ ရမှာ။ စတိုးဆိုင်ထဲ စစ်တပ်ထုတ်ကုန် ရောင်းမရောင်း သေနတ်ကြီးတကားကားနဲ့ လာစစ်တယ်။ လာစစ်တဲ့ စစ်သားတွေက ဘယ်ဟာက ဘာထုတ်ကုန်လဲဆိုတာ မသိကြဘူး။ စာရွက်ပြပြီး ပစ္စည်းတွေ ဘယ်မှာလဲဆိုပြီး မေးတယ်။ ပစ္စည်းထားတဲ့စင်ကို ပြရတဲ့အပြင် ပစ္စည်းကိုပါ ကိုင်ပြရတယ်။ အဲဒီလိုကိုင်ပြလည်း သူတို့စစ်ချင်တဲ့ ကုန်ပစ္စည်း ဟုတ်မဟုတ် သူတို့ကိုယ်တိုင်က သိရဲ့လားလို့ တွေးမိတယ်။ အင်းမလုပ် အဲမလုပ်နဲ့ ဘာမှလည်း မတုံ့ပြန်ဘူး။ စစ်ချင်တာ စစ်ပြီးတော့လည်း ဆိုင်ထဲကနေ တော်တော်နဲ့ ပြန်မထွက်ဘူး။ ဟိုဟာ မသင်္ကာသလိုလို ဒီဟာ မသင်္ကာသလိုလိုနဲ့ လိုက်ကြည့်သေးတာ။

တချို့စတိုးဆိုင်တွေကို စစ်တပ်ထုတ်ကုန် တင်မရောင်းလို့ မန်နေဂျာတွေကို ဖမ်းတာ၊ ဆိုင်ကို ချိပ်ပိတ်တာတွေပါ လုပ်တာ။ အဆောင်မှာ အတူနေသူတွေ အထူးသဖြင့် ကျနော့်လို စတိုးဆိုင်ဝန်ထမ်းတွေထဲ အလုပ်လက်မဲ့ဖြစ်သွားတဲ့သူတွေ ရှိပါတယ်။ စတိုးဆိုင် ချိပ်ပိတ်ခံရလို့ အလုပ်လက်မဲ့ ဖြစ်သွားကြပြီး အဆောင်ပြောင်းသွားကြသူတွေလည်း ရှိတယ်။ အဆောင်ပဲ ပြောင်းသွားတာလား ဘယ်နေရာကို ရောက်သွားတာလဲ ဆိုတာတော့ မသိရဘူး။ တကယ်တော့ ကျနော်တို့လို အလုပ်ရှိနေသေးတဲ့ သူတွေကလည်း မရေရာတဲ့လမ်းကို ဆက်ပြီး လျှောက်နေကြရတာပါ။

ဆိုင်မှာ နေ့ဆိုင်း ညဆိုင်းရယ်လို့ ခွဲထားတယ်။ ညဆိုင်းကျတဲ့သူတွေက ယောက်ျားလေးတွေ များပါတယ်။ သိတဲ့အတိုင်းပဲ လူပျောက်ကြော်ငြာတွေမှာလည်း ယောက်ျားလေးတွေပဲ အများဆုံး။ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ပစ်မှတ်ထား ခေါ်ယူနေတာ ကျနော်တို့လို အရွယ်တွေလို့ ပြောလို့ရမယ်။ ခေါ်ယူနေတယ်လို့တောင် ပြောလို့မရဘူး။ အတင်းအဓမ္မ လုပ်ဆောင်ချက်တခုပါ။ လိုလိုလားလားနဲ့ လက်သင့်ခံ လိုက်ပါကြမယ့်သူတွေ မရှိလို့ပါပဲ။

လူအများစုက လက်သင့်မခံတဲ့အခါ အဓမ္မ လုပ်ဆောင်ကြတော့တာပါပဲ။ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ သူတို့ဆွဲခေါ်တာ ခံလိုက်ရပြီဆိုတာနဲ့ အသက်ရှင်ဖို့ မဖြစ်နိုင်တော့လို့ပါ။ ဒီလို စိုးရိမ်စိတ်ကို ဆိုင်ကအကြီးအကဲတွေကို ပြောကြည့်တော့ သူတို့လည်း ထိရောက်တဲ့ အကြံပေးချက် မပေးနိုင်ကြပါဘူး။ ဆိုင်နဲ့အဆောင် ပြန်ရတာ ဝေးလို့ မနက်ပိုင်း အဆိုင်းချပေးဖို့ တောင်းဆိုတော့လည်း အဆိုင်းလဲပေးဖို့ လူမရှိဘူးဆိုတာပဲ တုံ့ပြန်စကားဆိုတယ်။

ဆိုင်ဝန်ထမ်းတယောက်ဆိုတာ သိရဖို့ လမ်းမှာပြန်ရင် ယူနီဖောင်းဝတ်ဖို့၊ ဝန်ထမ်းကတ်ကို လည်မှာဆွဲထားဖို့တော့ မှာကြားခြင်းခံရတယ်။ ဒါဟာလည်း မထိရောက်တဲ့ ကုစားချက်လို့ပဲ ပြောရမှာပါ။ စစ်ကောင်စီလက်အောက်မှာ ကျောင်းစာသင်ယူနေတဲ့ လူငယ်လေးတွေတောင် ပျောက်နေကြတာဆိုတော့ ပိုလို့တောင် မရေရာ မသေချာတဲ့ ဘဝမျိုးကို ရောက်သည်ထက် ရောက်လာပြီလို့ပဲ ပြောရတော့မယ်။

ဆိုင်ဘေးက အပ်ချုပ်ဆိုင်မှာ ဘိုးတော်ကြီးတယောက် ရှိတယ်။ အသက်က ၈၀ ကျော်နေပါပြီ။ သူ့တသက်လုံး အပ်ချုပ်တဲ့အလုပ်ကိုပဲ လုပ်လာတာလို့ ပြောတယ်။ အခုတော့ အချိန်ပြည့် စက်ချုပ်တာတော့ မဟုတ်ဘူး။ သားဖြစ်သူက သူ့စက်ချုပ်ပညာ အမွေခံပြီး လုပ်နေတာကို ဖေးကာမကာနဲ့ လာပြီး ထိန်းကျောင်းတဲ့သဘော လာထိုင်နေတတ်တယ်။ မကြာမကြာ သူ့ဆီကနေ ပေါက်ကွဲသံကို ကြားရတယ်။ သူကြည့်မရတဲ့သူတွေကို ပြောရင်း ဆဲဆိုလိုက်တာမျိုးပါ။

“ဒီခွေးသားတွေ ဒုက္ခပေးတာ ခေတ်အဆက်ဆက်ပဲ။ ဘာတခုမှ ကောင်းခဲ့တာမရှိဘူး။ အခုလည်း သူတို့ထုတ်ကုန်တွေ ရောင်းပေးဖို့ သေနတ်ကြီးကိုင်ပြီး လိုက်ခြိမ်းခြောက်နေတာ”

အသက် ၈၀ ကျော်အရွယ် ရန်ကုန်သားစစ်စစ်ကြီးရဲ့ ပေါက်ကွဲသံတချို့က နားထဲကမထွက်ဘူး။ စစ်တပ်ဆိုတာ သူ့တသက် ကောင်းလာခဲ့တာမျိုး မရှိဘူးဆိုတာကို ကျနော်တို့လို ချာတိတ်တွေကို ပြောပြတာ။ မြို့ပြလူထုကြီးက အာဏာရှင်တွေကို ရွံ့မုန်းနေကြပေမဲ့ အားမတန်လို့ မာန်လျှော့ထားရတာမျိုးပါ။

ညတညရဲ့ အလုပ်သိမ်းချိန်ကို ရောက်လာတယ်။ ခါတိုင်းညတွေလိုပါပဲ။ တနေ့တာရောင်းရတဲ့ စာ‌ရင်းကိုချုပ်ပြီး ဘာဂျာတံခါးကို ပိတ်လိုက်တယ်။ လမ်းမပေါ်မှာတော့ လူတယောက်တလေမှ မရှိတော့ဘူး။ လူခြေတိတ်နေတဲ့ မြို့ပြကြီးမှာ စတိုးဆိုင်က ဘာဂျာတံခါးပိတ်သံဟာ အကျယ်ဆုံး ဖြစ်သွားတယ်။ ကျ‌နော့်အတွက်တော့ ဒီတံခါးပိတ်သံက ဆိုင်ကို နောက်ဆုံးနှုတ်ဆက်လိုက်တဲ့ သင်္ကေတမျိုးပါပဲ။ နောက်တနေ့မနက်မှာတော့ မြို့ပြကြီးမှာ ကျီးလန့်စာစား နေရတဲ့ဘဝကို နှုတ်ဆက်ခဲ့လိုက်တယ်။

တာပလု

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024