ခရီးဆောင်အိတ်တွေဆိုတာ သက်မဲ့ ခရီးသွားတွေပါ။ သက်ရှိလူသားတွေ ခရီးသွားရာနောက်ကို ထပ်ကြပ်မကွာ လိုက်ပါကြရတယ်။ ကုန်းလမ်းကသွားမလား၊ ရေလမ်းကသွားမလား၊ ဝေဟင်ပေါ်ကသွားမလား။ ခရီးဆောင်အိတ်တွေဟာ လူသားခရီးသွားတွေနဲ့အတူ လိုက်ပါကြတယ်။ လူတဦးရဲ့ တကိုယ်ရည် အသုံးအဆောင်တွေကို သယ်ဆောင်ပေးဖို့အတွက် တာဝန်ကျေပွန်ကြတဲ့ အရာတွေလို့လည်း ပြောလို့ရတယ်။
လူ့တကိုယ်ရည် အသုံးအဆောင်တွေထဲမှာ မပါမဖြစ်က အဝတ်အစား၊ အသုံးပြုမယ့် ယာဉ်လက်မှတ်၊ ခရီးစဉ်မှာအသုံးပြုရမယ့် ငွေစက္ကူ၊ ဒီဂျစ်တယ် ငွေထုတ်ကတ်တွေနဲ့ လူတဦးတယောက်ချင်းစီရဲ့ မပါမဖြစ်တဲ့အရာတွေကို ခရီးဆောင်အိတ်ထဲထည့်ပြီး သွားလိုရာခရီးကို သယ်ဆောင်သွားကြတာလည်း ဖြစ်ပါတယ်။ လူသားတဦး သွားလိုတဲ့ခရီးအဆုံးအထိ လိုက်ပါမှာလည်း ဖြစ်ပါတယ်။
အချို့သော ခရီးဆောင်အိတ်တွေက တကိုယ်ရည် ခရီးသွားကြတာတောင် ရှိဦးမှာပါ။ နိုင်ငံတနိုင်ငံက အမှာပါးလိုက်တဲ့အရာကို ထုပ်ပိုးပြီး နိုင်ငံတနိုင်ငံကနေ တင်ပို့ပေးလိုက်တာမျိုးတွေဆိုရင် လူသားအဖော်မပါဘဲ တကိုယ်ရည် ခရီးသွားကြတာပါ။
အိတ်တွေသာ စကားပြောတတ်ရင် ဘာများပြောမလဲ။ ပူလောင်အိုက်စပ်တဲ့ အင်ဂျင်ခန်းဘေးကနေ မလိုက်ပါနိုင်တဲ့ အကြောင်းပြောမလား။ ကားခေါင်မိုးပေါ်ကနေ နေပူဒဏ်ကို ကြံ့ကြံ့ခံပြီး ဒီခရီးကိုတော့ မလိုက်နိုင်ပါဘူးလို့ ပြောလေမလားတော့ စဉ်းစားမိတယ်။ ဘာလို့လဲဆိုတော့ လူသားတွေနဲ့ ခရီးအတူသွားတဲ့ ခရီးဆောင်အိတ်တွေဆိုတာ ခရီးစဉ်အစအဆုံးကို ထိုင်ခုံတခုတည်းမှာ အတူလိုက်ပါခွင့် မရကြလို့ပါပဲ။
ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို စီးနင်းလိုက်ပါကြမယ့်သူတွေဟာ သက်ဆိုင်ရာ ကောင်တာနံပါတ်တွေမှာ လေယာဉ်လက်မှတ်ယူတာ၊ ခရီးဆောင်အိတ် အလေးချိန် ချိန်ပြီး အပ်နှံတာတွေနဲ့ အလုပ်ရှုတ်နေကြပါတယ်။ အိတ်ထဲမှာ တရားမဝင်တာတွေ မပါဘူးမဟုတ်လား ဆိုတဲ့ မယုံသင်္ကာမျက်လုံးနဲ့ အကြည့်ခံရ၊ အမေးခံရတာလည်း ရှိပါတယ်။
ခရီးဆောင်အိတ်အပ်တာနဲ့ တခြားလုပ်ငန်းစဉ်တွေ ပြီးသွားတော့ ကျနော်တို့ရဲ့ ခရီးဆောင်အိတ်နဲ့ ကျနော်တို့က တနေရာစီ ဖြစ်သွားပါတယ်။ ထိုင်းနိုင်ငံရောက်မှ ပြန်ဆုံကြရတော့မှာပါ။ ကျနော်တို့လည်း နောက်ထပ်ဖြတ်ကျော်ရမယ့် ကောင်တာတွေ အဆင့်ဆင့် ကျော်ဖြတ်ရမှာပါ။ ကျနော်တို့က နောက်ထပ်ကောင်တာနှစ်ခုကို ဖြတ်ပြီးတာနဲ့ လေယာဉ်ပေါ်ကို ရောက်ပါတယ်။ ကျနော်တို့ရဲ့ ခရီးဆောင်အိတ်တွေက ဘယ်လိုစစ်ဆေး၊ စိစစ်ချက်တွေကို ကျော်ဖြတ်ရဦးမလဲဆိုတာ မသိနိုင်သလို ကောင်တာဘယ်နှစ်ခုရဲ့ စစ်ဆေးချက်ကို ခံယူရမလဲ ဆိုတာတော့ မသိပါဘူး။
မကြာခင်မှာပဲ ဘိုးရင်းဂျက်လေယာဉ်ကြီးဟာ လူအယောက်ပေါင်း ၁၀၀ ကျော်ကို တင်ဆောင်ပြီး ရန်ကုန်လေဆိပ်ကနေ စတင်ထွက်ခွာသွားပါပြီ။ လေယာဉ်မယ်ရဲ့ ညွှန်ကြားချက်မှာတော့ အမြင့်ပေ သုံးသောင်းကနေ ပျံသန်းမှာဖြစ်တယ်လို့ ပြောပါတယ်။ လေယာဉ်ပေါ် လိုက်ပါလာကြသူ အများစုက လူငယ်တွေပါ။ သက်ကြီးရွယ်အိုတချို့နဲ့ ဘုန်းကြီးတပါးလည်း လိုက်ပါလာတာကို တွေ့ရပါတယ်။ လေယာဉ် သတ်မှတ်အမြင့်ပေ ရောက်သွားလို့နေမယ်၊ တည်ခင်းဧည့်ခံမယ့် မုန့်၊ ရေနဲ့ အအေးတွေကို လိုက်လံဝေငှပါတယ်။ တကယ်တော့ အမြင့်ပေ သုံးသောင်းဆိုတာ စိတ်လှုပ်ရှားစရာပါ။ ကျနော့်အတွက်တော့ လေးကြိမ်မြောက် လေယာဉ်စီးဖူးတာပါ။ အမြင့်ဆုံး ပေတသောင်းအထိသာ စီးဖူးခဲ့တာပါ။ အခုတော့ အမြင့်ပေ သုံးသောင်း တဲ့။
ကျနော်က နိုင်ငံကို စွန့်ခွာလာခဲ့တာပါ။ အခု လေယာဉ်ပေါ် လိုက်ပါလာကြတဲ့ လူငယ်တွေဟာလည်း တယောက်နဲ့တယောက် စကားမပြောဘဲ သိနေတဲ့အချက်က အမိနိုင်ငံတော်ကနေ စွန့်ခွာလာကြသူတွေဖြစ်မှာ သေချာပါတယ်။ လေယာဉ်ပေါ်မရောက်ခင် စစ်ဆေးချက်အမျိုးမျိုးကို ဖြတ်ကျော်လာခဲ့ရစဉ်ကလည်း စိတ်လှုပ်ရှားစရာ အပြည့်နဲ့ပါ။ ကျနော်တို့ရဲ့ ခရီးဆောင်အိတ်တွေကတော့ လေယာဉ်ရဲ့ တနေရာကနေ လိုက်ပါလာကြမှာပါ။
လေယဉ်ထွက်တာ တနာရီကျော်အကြာမှာ လေယာဉ်ပေါ်ကနေ အချက်ပေးသံ ကြားရတယ်။ အချက်ပေးသံရဲ့ ရှေ့ဆင့်နောက်ဆင့်မှာပဲ လေယာဉ်မယ်တဦးရဲ့ ညွှန်ကြားချက်စကားသံ ပေါ်လာတယ်။
“လူကြီးမင်းတို့ လိုက်ပါစီးနင်းလာတဲ့ လေယာဉ်ဟာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်ကို စတင် ဆင်းသက်နေပြီ ဖြစ်ပါတယ်။ ကိုယ့်နေရာမှာပဲ ထိုင်ခုံခါးပတ် ပတ်ထားပေးကြပါ။”
ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို ကျနော်တို့လိုက်ပါလာတဲ့ လေယာဉ်ဟာ မြေပြင်ပေါ်ကို ရောက်ပါပြီ။ လေယာဉ်ဆိုက်မယ့်နေရာကို တရွေ့ရွေ့ သွားနေတာပါ။ အဲ့လိုသွားနေတဲ့ အချိန်အတောအတွင်းမှာပဲ လေဆိပ်ထဲကနေ ပျံတက်သွားတဲ့ လေယာဉ် လေးစီးရှိပါတယ်။ ဆရာတယောက်ရဲ့ ပြောစကားကို သွားသတိရမိတယ်။
နိုင်ငံတနိုင်ငံ ဘယ်လောက်တိုးတက်သလဲဆိုတာ အဲဒီနိုင်ငံက လေဆိပ်ကိုကြည့်ရင် သိနိုင်တယ်။ လေဆိပ်က လေယာဉ်အတက်အဆင်း ဘယ်လောက်ရှိသလဲ ဆိုတာကို ကြည့်ရင် သိနိုင်တဲ့ အကြောင်းပါ။ ကျနော်တို့စီးလာတဲ့ လေယာဉ်က သူဆိုက်ကပ်ရမယ့်နေရာကိုသွားတာ မိနစ် ၂၀ မကြာပါဘူး။ ဒီအတောအတွင်းမှာပဲ ပျံတက်သွားတဲ့လေယာဉ် လေးစင်းရှိတာကို သတိထားမိလိုက်ပါတယ်။
လေယာဉ်ပေါ်ကဆင်းဆင်းချင်း လေဆိပ်ထဲမှာ ပထမဆုံးစတွေ့ရတာက A4 စာရွက်ကိုင်ထားတဲ့ ထိုင်းလူမျိုးတွေကိုပါ။ စာရွက်ပေါ်မှာတော့ အင်္ဂလိပ်လို VIP လို့ စာရွက်ရဲ့ထိပ်မှာ ရေးထားတယ်။ အောက်က မြန်မာလို လူနာမည်တခုကို ရေးထားတယ်။ ဒါဟာ တယောက်ယောက်ကို လာကြိုတာလို့ သိလိုက်တယ်။
နောက်ဆုံး အရေးကြီးတဲ့နေရာကို ရောက်လာတယ်။ ဒီနေရာကနေကျော်ရင် အဆင်ပြေသွားမယ်လို့လည်း တွေးထားတယ်။ ကျနော်တို့ ကြိုတွေးမထားမိတာက ဒီနေရာမှာ အချိန်အကြာကြီး အစစ်ဆေးခံရမယ် ဆိုတာကိုပါ။ လေဆိပ်ထဲက Immigration လို့ခေါ်တဲ့ လဝကကောင်တာကို ဖြတ်ရတယ်။ ဒီနေရာမှာ စပြီး ပြဿနာရှိလာပါတယ်။
“ဘာဖြစ်လို့ သုံးလဗီဇာနဲ့ လာရတာလဲ”
စပြီးမေးတဲ့မေးခွန်းက သုံးလဗီဇာနဲ့ ဘာလို့လာရတာလဲတဲ့။ သူတို့နိုင်ငံမှာ မြန်မာနိုင်ငံသားတွေ လအကြာကြီး နေမှာကို သင်္ကာမကင်း ဖြစ်နေတာလား၊ တခြားသော နိုင်ငံတကာ ခရီးသွားတွေကိုရော အခုလိုပဲ မေးတာလား ဆိုတာကိုတော့ မသိပါဘူး။
“ကျနော်တို့ ဆုန်ကရန်လည်ပတ်ဖို့အတွက် လာတာပါ”
“ဆုန်ကရန်ကဘာလဲ”
“ထိုင်းနိုင်ငံမှာ အခုနှစ် ဆုန်ကရန် ရေကစားပွဲတော် လုပ်မယ်လို့ ထိုင်းအစိုးရက သတင်းထုတ်ထားတယ်လေ။ အဲဒီပွဲတော်မှာ လည်ပတ်ဖို့ပါ။”
ဆုန်ကရန်ကို သုဝဏ္ဏဘူမိလေဆိပ်က တာဝန်ကျဝန်ထမ်း အမျိုးသမီးငယ်တဦးက မသိဘူး ထင်ပါတယ်။ သူ့ကို ဘယ်လိုပဲ ရှင်းပြရှင်းပြ သူနားမလည်တာလား၊ တကယ်ပဲ မသိတာလားဆိုတာ မဝေခွဲတတ်ပါဘူး။ သူတို့ဆီက ရေကစားပွဲတော်ဆိုတာ မြန်မာနိုင်ငံလို ကလေးလူကြီး အကုန်သိကြတဲ့ အရာတခုမဟုတ်မှန်း မသိခဲ့ပါဘူး။ ထိုင်းနိုင်ငံက ရေကစားပွဲတော်ဆိုတာကို လေဆိပ်ထဲက ဝန်ထမ်းတွေ မသိကြဘူးလို့ပဲ မှတ်ချက်ချလိုက်ပါတယ်။
အဲဒီမေးခွန်းက သူ့အတွက် တိကျတဲ့အဖြေတော့ ရမသွားဘူး။ နောက်ထပ်မေးခွန်းတခု ထပ်မေးလာတယ်။
“ဟိုတယ်ဘိုကင်က ဘာလို့ နှစ်ရက်ပဲ လုပ်ထားတာလဲ။”
ဒီတခါတော့ ကျနော့်ပြင်ဆင်ချက် အမှားတခုကြောင့်ပါ။ လေ့လာဖတ်ရှု မေးမြန်းထားတဲ့ အရာတွေထဲမှာ သုံးလဗီဇာနဲ့လာပြီး ဟိုတယ်ဘိုကင်ကို ရက်ရှည်ရှည်လုပ်ရမယ့်အကြောင်းကို မသိခဲ့ပါဘူး။ သူနောက်ဆုံးမေးတဲ့ မေးခွန်းက
“သုံးလဗီဇာနဲ့လာတာ ဘာလို့ ဟိုတယ်ဘိုကင်က နှစ်ရက်တည်း လုပ်ထားတာလဲ” ဆိုတာပါ။
ကျနော်က “ဒီ ဘန်ကောက်တနေရာတည်းမှာတင် နေမှာမဟုတ်ဘဲ ထိုင်းနိုင်ငံအနှံ့ ချင်းမိုင်၊ ချင်းရိုင်ဘက်တွေပါ လျှောက်လည်မှာဖြစ်တဲ့အတွက် ဒီနေရာကို နှစ်ရက်ပဲယူထားတာပါ။ တနေရာပြောင်းတိုင်း နောက်ထပ်နေရာတွေမှာ တည်းမှာဖြစ်လို့ပါ” လို့ ဖြေပါတယ်။ ဒီအဖြေကိုလည်း အလိုကျဟန်တော့ မရှိပါဘူး။
ဒီတခါတော့ နောက်ထပ် လဝကဝန်ထမ်း အမျိုးသမီးတယောက်ကို လက်လွှဲလိုက်ပါတယ်။ သူက အခန်းတခုကို ခေါ်သွားတယ်။ အခန်းထဲရောက်တော့ ထပ်မေးတဲ့မေးခွန်းက “သုံးလဗီဇာနဲ့လာပြီး ဘာလို့ ဟိုတယ်ဘိုကင်ကို နှစ်ရက်ထဲ လုပ်ထားတာလဲ” ဆိုတာပဲ ထပ်မေးပါတယ်။ အဖြေကိုတော့ ရှေ့ကနည်းအတိုင်းပဲ ထပ်ဖြေလိုက်တယ်။ သူက နောက်ထပ်မေးခွန်းထပ်မမေးခင် အကြာကြီး စဉ်းစားနေတယ်။
“ဘာတွေကြည့်နေတာလဲ” တဲ့။ နောက်ထပ် စကားပြန်စလာပါတယ်။
“လူတွေများတာကို ကြည့်နေတာပါ”
တခွန်းမေး တခွန်းဖြေပါပဲ။ ဆက်တိုက်မေးတာတော့ မဟုတ်ဘူး။
“မြန်မာနိုင်ငံမှာ ဘာလုပ်လဲ”
“ဝါးနဲ့ပတ်သက်တဲ့ လက်မှုပညာတွေ လုပ်ပါတယ်”
“ဖွင့်ပြပါ”
“အင်တာနက်မရှိဘူး”
“လေဆိပ်မှာ Wifi free သုံးလို့ရပါတယ်”
“ချိတ်ပုံချိတ်နည်း ပြပေးပါဗျ”
ဖုန်းမှာ အင်တာနက်လိုင်း ချိတ်မိသွားတယ်။ မြန်မာနိုင်ငံထဲမှာ ဝါးနဲ့ပတ်သက်ပြီး ဝါးထိုင်ခုံ၊ ဝါးဘန်ဂလို၊ ဝါးဟိုတယ်၊ ဝါးနဲ့ဆိုင်တဲ့ အတွင်းအပြင် စီစဉ်ချယ်သတာတွေကို လုပ်ကိုင်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာက ကိုယ်ပိုင် Page တခုကို ဖွင့်ပြလိုက်တယ်။
သူက ကျနော်ရိုက်ကူးထားတဲ့ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်က ဝါးဦးထုပ် ယက်လုပ်နေတဲ့ ရုပ်သံဖိုင်ကို သေချာကြည့်တယ်။ ပြီးတော့ ချက်ချင်းဆိုသလို သူလည်း လက်မှုအနုပညာကို ကြိုက်တဲ့အကြောင်း ပြောတယ်။ နောက်ထပ် ဘာမေးခွန်းမှ ထပ်မမေးတော့ပါဘူး။ သူ့နောက်က လိုက်ခဲ့ဖို့ခေါ်တယ်။ ကောင်တာရောက်တော့ ကျနော်တို့ ပတ်စပို့မှာ တုံးထုပေးလိုက်ပါတယ်။
ဘဝမှာ ကိုယ့်ခရီးဆောင်အိတ်ကိုကြည့်ပြီး ဝမ်းနည်းရမယ်လို့ တခါမှ မတွေးမိဘူး။ လဝက ကောင်တာက ထွက်ထွက်ချင်း ခရီးဆောင်အိတ်ရွေးတဲ့နေရာကိုသွားတော့ လေးဘက်လေးတန်က လူတွေအပြည့်ပါ။ ခဏကြာတော့ ကိုယ်စီကိုယ်စီ ခရီးဆောင်အိတ်တွေယူပြီး ထွက်သွားကြတယ်။ စက်ဝိုင်းသဏ္ဌာန်လည်နေတဲ့ နေရာမှာတော့ ခရီးဆောင်အိတ်တွေ တလုံးမှ မရှိတော့ပါဘူး။ အစစ်အဆေး အကြာဆုံးဖြစ်တဲ့သူတွေရဲ့ အိတ်က နောက်ဆုံးမှ ထွက်လာတာမျိုးပါ။ လဝကကောင်တာကနေ ပေးမဝင်ခဲ့ရင် လာရာလမ်းအတိုင်း ပြန်လှည့်သွားရမှာပါ။
ခဏအကြာ ခရီးဆောင်အိတ်တွေ တလုံးမှမရှိတော့တဲ့ စက်ဝိုင်းသဏ္ဌာန် လည်ပတ်နေတဲ့ နေရာကနေ ကျနော်တို့ ခရီးဆောင်အိတ်နှစ်လုံး ခေါင်းပြူထွက်လာပါတယ်။ မြင်ကွင်းက ရင်ထဲကို ဘယ်လိုလာရိုက်ခတ်သွားလဲတော့ မသိဘူး။ အိတ်တွေဆိုတာ စကားပြောတတ်တာမဟုတ်ဘူး။ ထားရာနေ စေရာသွားရတဲ့သူတွေ။ အိတ်ပိုင်ရှင်နဲ့ အတူရှိချင်နေကြမှာပါ။ လူသားတွေက အစစ်အဆေး၊ အကန့်အသတ်၊ အတားအဆီးတွေကို တနည်းမဟုတ်တနည်း ကျော်လွှားနိုင်တယ် ဆိုပေမဲ့ ခရီးဆောင်အိတ်တွေက လူသားအကူအညီပါမှ ရွေ့လျားနိုင်ကြတာပါ။
စစ်ဆေးခံရတဲ့အခန်းမှာတုန်းက လာရာလမ်းကို ပြန်လွှတ်ခဲ့ရင်တောင် ပြန်လှည့်သွားဖို့ တွေးလိုက်တယ်။ တရားဝင်လမ်းကနေလာတာ၊ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းကလည်း အစုံပါတယ်။ သူတို့နိုင်ငံထဲကိုဝင်ဖို့ သတ်မှတ်ငွေပမာဏလည်း ပါတယ်။ ဒီလိုအချက်တွေ ပြည့်စုံနေပါလျက်နဲ့ ပြန်လွှတ်မယ်ဆို တခြားရွေးစရာလမ်း မရှိပါဘူး။
ခေါင်းပြူထွက်လာတဲ့ ခရီးဆောင်အိတ်တွေကိုတွေ့တော့ ဒါဟာ ခွဲခြားဆက်ဆံခံရခြင်းရဲ့ အစပဲ။ သက်ရှိလူအချင်းချင်းကို ခွဲခြားဆက်ဆံတာအပြင် သက်မဲ့ ခရီးဆောင်အိတ်တွေကိုပါ ခွဲခြားဆက်ဆံတာပါ။ ခွဲခြားဆက်ဆံတဲ့ အရာတွေက ဘာတွေများ ဖြစ်မလဲ။ ထိုင်းနိုင်ငံက သုဝဏ္ဏဘူမိ လေဆိပ်ကြီးက ခွဲခြားဆက်ဆံတာလား။ လေဆိပ်ထဲက လဝကဝန်ထမ်းတွေက ခွဲခြားဆက်ဆံတာလား။ အနီရောင်ပတ်စပို့ ကိုင်ဆောင်ထားသူတွေမို့ အခုလို ခွဲခြားဆက်ဆံခံရတာလား။
ကျနော်တို့ ခရီးဆောင်အိတ်ကလေးတွေ အနားရောက်လာတော့ ယူပြီး ရင်ခွင်ထဲပိုက်လိုက်တယ်။ အတူရှိနေတဲ့အကြောင်း သတင်းစကားပါးလိုက်တာပါ။ ကျနော်တို့လည်း သုဝဏ္ဏဘူမိလေဆိပ် အရိပ်အောက်ကနေ အိတ်တွေနဲ့အတူ လိုရာခရီးကိုဆက်ဖို့ ထွက်ခွာလာခဲ့လိုက်ပါတယ်။
တာပလု