အလုပ်သမားက နစ်နာမှုအတွက် လုပ်ငန်းရှင်ကို တရားစွဲဆိုရာမှာ သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံး ဦးစီးမှူးတွေအနေနဲ့ တရားရုံးမှာ သက်သေထွက်ဆိုဖို့ ပျက်ကွက်တာတွေ ရှိနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေဆီက သိရပါတယ်။
အလုပ်ရှင်နဲ့ အလုပ်သမား အငြင်းပွားမှုဖြစ်ရာမှာ မြို့နယ်အလုပ်သမားရုံးတွေက လုပ်ပိုင်ခွင့်အတိုင်း ဖြေရှင်းဆောင်ရွက်တာထက် အလုပ်သမားက တရားရုံးမှာ တရားစွဲဆိုဖို့ကိုသာ စာထုတ်ပေးတာတွေ များလာသလို ကိုယ်တိုင်သက်သေထွက်ဆိုပေးဖို့ ပျက်ကွက်တာတွေ ရှိနေတာလို့ ဆိုပါတယ်။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) မှ တာဝန်ရှိသူတယောက်က “အလုပ်သမားက တရားရုံးမှာ တရားစွဲဆိုတဲ့အမှုတွေမှာ အလုပ်သမားရုံး ဦးစီးမှူးတွေက သက်သေထွက်ဆိုပေးတာ မရှိလို့ ကြန့်ကြာနေရတယ်။ အဲဒီလို ကြန့်ကြာလေ အလုပ်သမားအတွက်က နစ်နာမှုက ပိုများလေ ဖြစ်နေတာ” လို့ ပြောပါတယ်။
အဲဒီလို တရားရုံးမှာ သက်သေထွက်ဆိုပေးဖို့ အချိန်ဆွဲ ပျက်ကွက်တဲ့ ဦးစီးမှူးတွေကို တရားရုံးကနေ ဝရန်းထုတ် ဆင့်ခေါ်တာမျိုး လုပ်ဆောင်စေလိုတယ်လို့လည်း သူကပြောပါတယ်။
မြို့နယ်အလုပ်သမားရုံး ဦးစီးမှူးတွေအနေနဲ့ ဥပဒေပါအတိုင်း စည်းကြပ်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို ခေါင်းရှောင်ကာ တရားရုံးဆီ တွန်းပို့တာဟာ အလုပ်သမားတွေအပေါ် စာနာမှု မရှိတာလို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတယောက်က “မြို့နယ်ဦးစီးမှူးတွေက အလုပ်ရှင်တွေရဲ့ လက်ကိုင်တုတ်လို ဖြစ်နေတာ။ အလုပ်ရှင်တွေရဲ့ ပေးစာ ကမ်းစာနဲ့ မကင်းတော့ သူတို့ အဆုံးအဖြတ်ပေးလို့ရတဲ့ ကိစ္စရပ်တွေမှာလည်း မျက်နှာပျက်မခံချင်ဘူး။ အဲဒါနဲ့ တရားရုံးဆီ တွန်းပို့ပြီး ခေါင်းရှောင်ကြတာ။ တရားရုံးရောက်တော့လည်း အမှုကြန့်ကြာပြီး အလုပ်သမားက ဆက်ပြီး တရားရင်မဆိုင်ချင်အောင် လုပ်တဲ့သဘောတွေ ရှိနေတာ” လို့ ပြောပါတယ်။
အလုပ်သမားက နစ်နာမှုအတွက် တရားစွဲဆိုရာမှာ တရားရင်ဆိုင်ရတဲ့ကာလ နှစ်နဲ့ချီ ကြာမြင့်တာကြောင့် လက်လျှော့လိုက်ရတဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ အလုပ်သမားတချို့က ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနတွေက ဦးစီးမှူးတွေအနေနဲ့ အလုပ်ရှင်ဘက်က ရပ်တည်တာမျိုးတွေ ပိုပြီး တွေ့မြင်လာရတယ်လို့ သူတို့က ပြောပါတယ်။
အာဏာသိမ်းကာလမှာ အလုပ်သမားတွေအနေနဲ့ လုပ်ခချိုးနှိမ်ခံရတာ၊ ဆန္ဒမပါဘဲ အချိန်ပို ဆက်တိုက်ဆင်းရတာ၊ အချိန်ပိုကြေး အပြည့်မရတာ၊ လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံရတာ စတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ အလုပ်သမားအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။