
တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) တွေမှာ တရားမဝင်တံဆိပ်တုံး အတုတွေ အသုံးပြုပြီး သက်တမ်းတိုး နေထိုင်နေသူတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီ မြန်မာသံရုံးက ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ကိုရီးယားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက အခုရက်ပိုင်းအတွင်းမှာ ပြည်ပနိုင်ငံသားတွေ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို တရားဝင်မှု ရှိ/မရှိ စစ်ဆေး ကြပ်မတ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသားတချို့ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်တွေမှာ တံဆိပ်တုံး ရိုက်နှိပ်ထားပြီး သက်တမ်းတိုးထားတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး တရားဝင်မှုနဲ့ စစ်မှန်မှု ရှိ / မရှိ တွေကို စစ်ကောင်စီ မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းတာတွေလည်း လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီ မြန်မာသံရုံးရဲ့ စိစစ်စစ်ဆေးမှုတွေအရ တချို့နိုင်ငံကူးလက်မှတ်တွေမှာ တရားမဝင် တံဆိပ်တုံးအတုနဲ့ ရိုက်နှိပ်ကာ သက်တမ်းတိုးထားသလို လုပ်ဆောင်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်တွေကို တရားဝင်နည်းလမ်းနဲ့သာ သက်တမ်းတိုး ဆောင်ရွက်ကြဖို့၊ မလိုလားအပ်တဲ့ အခက်အခဲတွေ မဖြစ်ပေါ်စေဖို့နဲ့ ဥပဒေအရ အရေးယူတာတွေ မဖြစ်ပေါ်စေဖို့အတွက် သတိပြု လိုက်နာဆောင်ရွက်ကြဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်း ပြောဆိုထားပါတယ်။
ကေခိုင်