
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ပိုးကုန်းရွာကို စစ်တပ်က ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ၈ နှစ်အရွယ် ကလေးတယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
*နမခစစ်တပ်အတွင်းကနေ ဘုတလင်မြို့နယ် တောင်ခြမ်းကို တက်လာပြီး သရက်တိုရိုးရွာ ပေါ်ကနေ ဖြတ်ပျံလာပြီး ကျနော်တို့ရွာ ဘုန်းတော်ကြီးကျောင်းရှေ့ မုခ်ပေါက် အနီးကို ချသွားတာဗျ။ ချတဲ့ဗုံးသီးကလည်း တလုံးတည်းပါဗျ။ အဲလို ဗုံးသီးချလို G1 ကျောင်းသား မောင်ဇေပိုင်ဖြိုး အသက် ၇ နှစ် အရွယ်ကလေးငယ်တဦး ဘယ်ဘက်နားရွက်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်ဗျ။ နောက်ပြီးတော့ ဘုရားရှေ့က အရုဏ်ခံလည်း အမိုးပေါက်ပျက်စီးတာ တွေလည်း ရှိခဲ့ပါတယ်ဗျ” လို့ ပိုးကုန်းရွာသားတယောက်က ပြောပါတယ်။
ဘုတလင်-မုံရွာသွားကားလမ်းကြီးအရှေ့ဘက်မှာ တည်ရှိတဲ့ ပိုးကုန်းရွာဟာ အိမ် ခြေ ၁၅၀ ကျော်ရှိပြီး ဒေသခံအများစုဟာ တောင်ယာစိုက်ပျိုး ရေးလုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကာ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးနယ်မြေလည်း ဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲက မရှိပါဘူး၊ ဘလိုင်းကြီးချသွားတာ။ သူတို့ နမခအနီးကို ကျနော်တို့အဖွဲ့တွေ ကပ်မှာ စိုးလို့လားတော့ မသိဘူး။ ဒါပေမဲ့ဗျာ နမခ တပ်အပေါ်ကနေဒရုန်းတွေရော၊ လေထီးတပ် စက်တပ်ယာဉ်တွေရော ဝဲပျံနေတာ။ အခုလည်း ကံကောင်းလို့ သူတို့ချတဲ့နေရာမှာ လူမရှိလို့။ အဝေးက ကလေးတယောက်ထိခိုက်တာကလွဲလို့ အသေအပျောက်မရှိဘူး” လို့ ဘုတလင်ပအဖတာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။
နမခစစ်တပ်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ တော်လှန်ရေးတပ်တွေ ဘုတလင်မြို့နယ်အတွင်း တနေရာကနေ Rocket ၁၁ လုံးပစ်ခတ်လို့ နမခအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်တပ်အရာရှိတယောက်အပါဝင် သေဆုံးထိခိုက်တာတွေလည်း ရှိခဲ့တယ်လို့ သိရပေမဲ့ DVB အ နေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။