
မြန်မာပြည်ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးဖြေရှင်းဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က တိုက်တွန်းလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နဲ့ ၂၅ ရက်တွေအတွင်း ဌာနချုပ် လွိုင်တိုင်းလျန်းမှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည် အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းဖော်ပြထားတာပါ။
ဒါ့အပြင် RCSS အနေနဲ့လည်း ရှမ်းပြည်နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းနဲ့ ကြိုးပမ်းဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ် အာဏာသိမ်းခဲ့တဲ့ ၄ နှစ်တာကာလအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူလူထုအတိဒုက္ခရောက်ရတယ်၊ သဘာဝဘေးဒဏ်ကြောင့် ပြည်သူတွေ အခက်အခဲနဲ့ ကြုံခဲ့ရတယ်၊ အဲဒါတွေအတွက် RCSS အနေနဲ့ တတ်နိုင်သလောက်ကူညီပံ့ပိုးပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြသွားပါတယ်။
RCSS ဟာ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် ( NCA )ကို လက်မှတ်ရေးထိုးထားပြီး ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တပြည်လုံးအုံကြွတဲ့ နွေဦးတော်လှန်ရေးမှာလည်း ပါဝင်ခဲ့ခြင်းမရှိသလို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ နေပြည်တော် ဆွေးနွေးပွဲတွေလည်း တက်ရောက်ခဲ့ပါတယ်။