
ရှမ်းပြည်နယ်၊ လားရှိုးမြို့ကနေ စစ်ရှောင်ပြီး ပြန်လည်ဝင်ရောက်နေထိုင်နေကြတဲ့ မိဘမဲ့ ကလေးဂေဟာ တော်တော်များများဟာ နေထိုင်စားသောက်ရေးတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ လားရှိုးမြို့အခြေစိုက် ပရဟိတ အသင်းအဖွဲ့တွေထံက သိရပါတယ်။
MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကနေ စစ်ဘေးရှောင်ခဲ့ကြတဲ့ မြို့ခံတော်တော်များများဟာ အခုအခါ မြို့အတွင်းကို ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီး အဲဒီအထဲမှာ မိဘမဲ့ ကလေးဂေဟာတွေလည်း အကုန်နီးပါး ပြန်လည်ရောက်ရှိနေသလို သူတို့အတွက် နေထိုင် စားသောက်ရေး ကိစ္စတွေမှာ အခက်အခဲတွေ ရှိနေတာကြောင့် အလှူခံ အကူအညီ တောင်းနေရတယ်လို့ ပရဟိတအသင်းအဖွဲ့တွေက ပြောပါတယ်။
လားရှိုးအခြေစိုက် FYO လူမှုကူညီရေးအသင်း အဖွဲ့ဝင်တယောက်က “စားဖို့နဲ့ နေထိုင်ရေး အခြေခံလိုအပ်ချက်တွေအတွက် အလှူရှင်တွေဆီက အလှူခံပြီး ဖြည့်ဆည်းပေးနေရပါတယ်။ မိဘမဲ့ကလေးဂေဟာ တော်တော်များများ ပြန်ရောက်နေကြပါပြီ။ အခုလောလောဆယ် ကျောင်း ၆ ကျောင်းစာအတွက် အလှူခံပေးနေရပါတယ်” လို့ ပြောပါတယ်။
မိဘမဲ့ဂေဟာတွေ အဓိကလိုအပ်နေတာတွေကတော့ ဆန်၊ ရေသန့်၊ အခြေခံစားသောက်ကုန်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို အခက်အခဲတွေ ဖြစ်နေတဲ့အပေါ် အဆိုပါ မိဘမဲ့ဂေဟာတွေက တင်ပြလာတာမျိုး မရှိသေးတာကြောင့် ဆောင်ရွက်ပေးနိုင်တာမျိုး မရှိသေးဘဲ တင်ပြလာမယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ အခက်အခဲတွေ ပြေလည်နိုင်တယ်လို့ လားရှိုးမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“မိဘမဲ့ကလေးဂေဟာ တော်တော်များများလည်း ပြန်ရောက်နေပြီး သူတို့ စားရေး သောက်ရေး အခက်အခဲလေးတွေ ရှိတယ်ဆိုတာ ကြားရပါတယ်။ ဒါကို အထက်ကို တင်ပြလာတာမျိုးတော့ မရှိသေးဘူး။ နောက်ပိုင်းမှာ သူတို့ဘက်က သေချာလေး တင်ပြလာမယ်ဆိုရင်တော့ အခုဖြစ်နေတဲ့ အခက်အခဲတွေရော ရှိနေတဲ့ အနေအထားလေးတွေက ပြေလည်သွားပါလိမ့်မယ်။”
လက်ရှိမှာ လားရှိုးမြို့ကို မြို့ခံစစ်ရှောင်တွေ အကုန်နီးပါး ပြန်လည်ရောက်ရှိနေပြီး ထပ်မံ ရောက်ရှိလာမယ့်သူတွေအနေနဲ့ ပြန်လည်နေထိုင်ကြောင်းတွေကို ရပ်ကွက်ရုံးတွေမှာ သတင်းပို့ရမယ်လို့ သိရပါတယ်။
လားရှိုးကို ပြန်လည်ရောက်ရှိလာတဲ့ စစ်ရှောင်ပြည်သူတွေထဲက မိဘမဲ့ကလေးငယ်တွေအပြင် မသန်စွမ်းသူတွေပါ နေထိုင် စားသောက်ရေး အခက်အခဲတွေ ဖြစ်နေကြပါတယ်။