Home
မြန်မာသတင်း
“ကျနော်တို့ ဘယ်လိုအသက်ရှင်ပြီး နေရမလဲတောင် မသိတော့ဘူး” - စစ်ဘေးရှောင်တဦး
DVB
·
February 22, 2025

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်၊ စစ်တွေမြို့မှာ စစ်တပ်က မြို့လုံခြုံရေးအတွက်ဆိုပြီး ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြတဲ့ လူလတ်ပိုင်းအမျိုးသားတွေကို စာရင်းကောက်ယူနေတယ်လို့ စစ်တွေဒေသခံတွေနဲ့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီလအစပိုင်းကစပြီး စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ရှောင်စခန်းတွေက အသက် ၁၄ နှစ်မှ ၄၅ နှစ်အတွင်းရှိ အမျိုးသားတွေကို မြို့တော်လုံခြုံရေးအတွက်လို့ဆိုကာ သီးသန့် စာရင်း ကောက်ယူတာတွေ၊ ဧည့်စာရင်းစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ စစ်တွေဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မေလကုန်ပိုင်းကစပြီး စစ်တွေမြို့၊ ဗျိုင်းဖြူရွာ အပါအဝင် ကျေးတော၊ ရွှေပြည်သာ၊ အမြင့်ကျွန်း၊ ရေချမ်းပြင်၊ သင်းပုန်းတန်း၊ ပါဒလိတ်၊ နာရီကန် စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတွေကို စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် နေရပ်စွန့်ခွာပြီး စစ်ရှောင် ၈၀၀၀ ကျော်ဟာ စစ်တွေမြို့မှာရှိတဲ့ ဘုန်းတော်ကြီးကျော် ၅၃ ကျောင်းမှာ ဖြစ်သလိုခိုလှုံနေထိုင်နေချိန် အခုလို စာရင်းကောက်ယူမှုတွေ လုပ်လာတာဖြစ်ပါတယ်။

စစ်ရှောင်ကူညီပေးသူတယောက်က “ဧည့်စာရင်းလာစစ်တဲ့အချိန် လူကြီးတွေနဲ့ လုပ်နိုင်၊ ကိုင်နိုင်တဲ့သူတွေကို တန်းစီပြီးတော့ သီးသန့်ခွဲခိုင်းတယ်၊ အသက် ၁၄ နှစ်ကနေ ၄၀ ထိ အရွယ်ရှိရင် ၄၀ ကျော် ထိလည်းပါပါတယ်။ ပြီးရင် တကျောင်းစီက အယောက် ၂၀ လောက် မြို့လုံခြုံရေးအတွက်ဆိုပြီး စစ်တပ်ကတောင်းတာရှိပါတယ်၊ AA က ရောက်နေလားဆိုပြီး မကြာခဏဧည့်စာရင်းစစ်‌ဆေးနေတာတွေရှိပါတယ်။ စစ်ရှောင်တွေရှိနေတဲ့ ကျောင်းတိုင်းလိုလိုကို စစ်ပါတယ်၊ မှတ်ပုံတင်မရှိတဲ့သူတွေဆိုဖမ်းတယ်၊ တက်တူး ထိုးထားတဲ့သူ ဆိုရင်လည်း ဖမ်းတယ်လေ၊ စစ်တွေမြို့မှာ အခုလိုဖမ်းတော့ တက်တူးတွေ လိုက်ဖျက်ရတာပေါ့။ အဲလိုဖျက်ပြီး သေဆုံးတာတောင်ရှိပါတယ်။ ကျောင်းမှာလည်း အရွယ်ရောက်တဲ့သူတွေများတော့ သူတို့အတွက် စိုးရိမ် ပူပန်နေတာတွေရှိပါတယ်”

အခုရက်ပိုင်းထဲမှာပဲ စစ်တွေမြို့က ဓမ္မရာမ ဘုန်းတော်ကြီးကျောင်း၊ မဏိရတနာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်း စတဲ့ ကျောင်းတွေက စစ်ရှောင်လူငယ်အမျိုးသားတွေကို ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူသွားတယ်လို့ ဆိုပါတယ်။’

ဧည့်စာရင်းစစ်ဆေးပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို ပြန်လွှတ်ပေးဖို့အတွက် လူ တယောက်ကို ငွေတစ်သိန်းခွဲနှုန်း ပေးဆောင်ရတယ်လို့ ဆိုပါတယ်။ အခုလို စစ်ကောင်စီက မြို့လုံခြုံရေးကို အကြောင်းပြပြီး စာရင်းကောက်ယူနေတဲ့အပေါ် ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့လည်း စစ်မှုထမ်းခေါ်ဆောင်ခံရမှာကို စိုးရိမ်နေကြပါတယ်။

စစ်ဘေးရှောင်တယောက်က “၁၄ နှစ်အထက် အကုန်လုံးစစ်ပါတယ်။ စစ်မှုထမ်းလား ဘာလားဆိုတာတော့ ကျနော်တို့လည်းမသိပါဘူး စစ်မှုထမ်းခေါ်ခံရမှာကို စိုးရိမ်ပြီးတော့ ကြောက်တဝက် လန့်တဝက်နဲ့ပေါ့။ ထွက်ပြေးလို့ကိုမရပါဘူး သူတို့အကုန်လုံးက ပိတ်ဆို့ထားတာပါ၊ ‌မြို့မှာပတ်ပြေးနေကြတာပေါ့။ သူတို့လာလို့ရှိရင် ဒီမှာစစ်ရင် ဟိုကိုပြေး၊ ဟိုမှာစစ်ရင် ဒီလာပြေးပေါ့။ မြို့ပြင်ကိုလည်း ထွက်လို့ မရဘူးလေ ပစ်မှာ ခတ်မှာလည်းစိုးတယ်။ မိုင်းတွေလည်း ထောင်ထားတယ် အခက်အခဲတွေကတော့ အများကြီးရှိပါတယ်၊ ကြောက်လန့်ပြီးနေရတာကတမျိုး၊ စားဝတ်နေရေးအဆင်မပြေတာကတမျိုး ကျနော်တို့ ဘယ်လိုအသက်ရှင်ပြီး နေရမလဲတောင် မသိတော့ဘူး၊ အသက်အရွယ်အပိုင်းအခြားလိုက် စာရင်း ကောက်ယူတော့စိုးရိမ်တာပေါ့၊ ဘာမှမသိဘဲ စစ်တပ်ထဲဆွဲခေါ်သွားမှာကို။”

ဒါ့အပြင် ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကလည်း စစ်ရှောင်စခန်းတွေကို သွားရောက်ပြီးတော့ ဧည့်စာရင်းစစ်ဆေးတယ်ဆိုပြီး ငွေညှစ်တောင်းခံတာတွေ ပြုလုပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမအပတ်ကစတင်ပြီး အာရက္ခတပ်တော်‌ (AA) က စစ်တွေမြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်တွေမြို့နယ် အနီးတဝိုက်မှာ တိုက်ပွဲပိုမို ပြင်းထန်နေဆဲဖြစ်ပါတယ်။ 

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013