
စစ်ကောင်စီရဲ့ အတင်းအဓမ္မ နှင်ထုတ်မှုကြောင့် နေရပ်စွန့်ခွာပြီး ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေရတဲ့ စစ်တွေမြို့နယ် အနီးတဝိုက် ကျေးရွာတွေက ဒေသခံ ၈,၀၀၀ ကျော်ဟာ ကူညီထောက်ပံ့မယ့်သူ မရှိတာကြောင့် စားဝတ်နေရေးခက်ခဲပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေနဲ့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် မေလကုန်ပိုင်းကစပြီး စစ်တွေမြို့၊ ဗျိုင်းဖြူရွာ အပါအဝင် ကျေးတော၊ ရွှေပြည်သာ၊ အမြင့်ကျွန်း၊ ရေချမ်းပြင်၊ သင်းပုန်းတန်း၊ ပါဒလိတ်၊ နာရီကန် စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတွေကို စစ်ကောင်စီက အတင်းအဓမ္မ နှင်ထုတ်ခဲ့ပါတယ်။
ဒါကြောင့် နေရပ်စွန့်ခွာပြီး စစ်ရှောင် ၈,၀၀၀ ကျော်ဟာ စစ်တွေမြို့မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းမှာ ဖြစ်သလို ခိုလှုံနေထိုင်နေရတာဟာ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။
အရင်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) နဲ့ ICRC တို့က ထောက်ပံ့ပေးတာတွေ ရှိခဲ့ပေမဲ့လည်း လက်ရှိမှာ ထောက်ပံ့မှုမရရှိတော့တာ ၂ လလောက်ရှိနေပြီလို့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးထားတဲ့ ဘုန်းတော်ကြီးတပါးက မိန့်ပါတယ်။
“ဦးပဉ္စင်းတို့ဆီမှာ စစ်ရှောင်ဦးရေက ၁၂၅ ဦး ရှိပါတယ်။ တခု အထောက်အပံ့မှမရရှိတာ ၂ လလောက် ရှိနေပါပြီ။ လောလောဆယ်တော့ တတ်နိုင်သလောက် ကိုယ့်မှာရှိတဲ့ ဆန်တွေကို ချပေးထားတာ ရှိပါတယ်။ တရက်မှာ ဆန်က တအိတ်ခွဲလောက် ကုန်ပါတယ်။ ရပ်ရွာထဲက လူတွေဆီကနေလည်း ရသလောက် အလှူခံပြီးတော့ ကျွေးမွေးနေရပါတယ်။ ခုဆိုရင် စစ်တွေကလည်း အခြေအနေ မကောင်းဘူးလေ။”
ကူညီထောက်ပံ့မှု မရှိတာကြောင့် စစ်ဘေးရှောင်တွေမှာ စားဝတ်နေရေး ပိုမိုခက်ခဲလာနေတဲ့အပြင် စစ်ကောင်စီရဲ့ ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ထားတာကြောင့် ကုန်ဈေးနှုန်း မြင့်မားမှုဒဏ်တွေကိုပါ တပါတည်း ခံစားနေကြရတာပါ။
၂၀၂၄ ခုနှစ်၊ မေ ၂၉ ရက်က စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ အဓမ္မ နှင်ထုတ်ပြီးတာ့ စစ်တွေမြို့တွင်းကို ရွှေ့ပြောင်းစေခိုင်းခဲ့ပါတယ်။
အဲဒီဖြစ်စဉ်အတွင်းမှာ လင်ယောကျ်ားဖြစ်သူက စစ်တပ်ရဲ့ဖမ်းဆီးတာကို ခံခဲ့ရပြီး စစ်တွေမြို့က ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေရတဲ့ အမျိုးသမီးတယောက်က သူ့ရဲ့အခက်အခဲတွေကို ပြောပြပါတယ်။
“မိသားစုက ၈ ယောက်ရှိတော့ ထမင်းတခါချက်ရင် နို့ဆီဘူး ၈ လုံး၊ ရခိုင်အခေါ် (ဆန်နှစ်သစ်) လောက် ချက်ရတယ်။ ခုက မချက်နိုင်တော့ ထမင်းတွေကျိုပြီး စားရတာပေါ့။ ကလေးက ငါးဟင်းစားချင်တယ်ပြောရင် အမေက မကျွေးနိုင်တော့ တိတ်တိတ်လေးငိုမိတာပေါ့။ မုန့်စားဖို့ တောင်းရင်လည်း အမေက မပေးနိုင်ဘူးလေ။ ကလေးအဖေဆိုလည်း ထောင်ကျနေတာလေ။ တခါတလေကျရင် လူတွေဆီက သွားတောင်းပြီးတော့ ကလေးတွေကို ကျွေးရတာပေါ့။ ကယ်ဆယ်ရေးတွေ ရောက်မှပဲ အဆင်ပြေမှာပါ၊ မဟုတ်ရင် ငတ်ပြီးသေမှာပါပဲ။”
ဒါကြောင့် နေရပ်စွန့်ခွာပြီး ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေဟာ လူသားချင်းစာနာမှု အကူအညီတွေ ရရှိနိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။
ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေရတဲ့ စစ်ရှောင်တွေအနေနဲ့ စားဝတ်နေရေး ခက်ခဲနေတဲ့အပြင် စစ်တပ်က ဧည့်စာရင်းစစ်ဆေးတာတွေ၊ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိနေတာကြောင့် စိုးရိမ်မှုတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
ကျေးတောနေ စစ်ရှောင်တယောက်က “စားဝတ်နေရေးက အခက်အခဲရှိတာပေါ့၊ ငတ်တောင် ငတ်နေကြပါပြီ။ ဘယ်သူ့ဆီကမှလည်း အထောက်အပံ့ မရပါဘူး။ မြို့တွင်းမှာက ဘယ်မှာမှ အလုပ်ရှာလို့ မရတော့ဘူးလေ။ အလုပ်ရှင်တွေလည်း မရှိတော့ဘူး။ ငါး၊ ဟင်းသွားရှာမယ်ဆိုလည်း မရဘူးလေ၊ ကန့်သတ်ထားတဲ့နယ်မြေကို ကျော်သွားလို့ရှိရင် ဖမ်းတာရှိတယ်၊ သတ်တာ ပုတ်တာ ရိုက်တာ ရှိတယ်၊ အဲဒါနဲ့ ဘယ်မှမသွားရဲဘူး ဖြစ်နေတာ” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်တွေမြို့အနီးတဝိုက် စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတွေ၊ လေကြောင်းကနေ ဗုံးကြဲချတာတွေ ဆက်တိုက်ဆိုသလို ရှိနေတာကြောင့် စစ်တွေမြို့က ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေနေကြရပါတယ်။
ကေခိုင်