Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကြောင့် ဘက်ပြောင်းခိုလှုံလာသူ မျှော်မှန်းတာထက် ပိုများပြား
DVB
·
February 24, 2025

စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီး တနှစ်အကြာမှာ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားရှိလာတယ်လို့  ပြည်သူ့ရင်ခွင်အဖွဲ့ကနေ သိရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက်မှာ ဘက်ပြောင်းခိုလှုံလာသူတွေထဲ စစ်မှုထမ်း သင်တန်းဆင်း တပ်သားတွေက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် ဘက်ပြောင်းခိုလှုံလာတဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်လောက်အောင် များပြားတာမျိုးမဟုတ်ပေမဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းနဲ ၂၀၂၅ နှစ်အစပိုင်းတွေမှာ ခိုလှုံလာသူတွေ ပိုများနေကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ တာဝန်ရှိသူ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

CDM ဗိုလ်ကြီး လင်းထက်အောင်က “ကျနော်တို့ပြည်သူ့ရင်ခွင်နဲ့ဆက်သွယ်ပြီးတော့ ခိုလှုံလာတဲ့ စစ်မှုထမ်းအရေအတွက်ကတော့ အတိုင်းအတာတခု အထိရှိပါတယ်။ ဒါပေမဲ့ မမျှော်မှန်းထားတဲ့ အရေအတွက် တခုလို့ပြောလို့ရပါတယ်။ အခု ၂၀၂၄ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၅ နှစ်စတွေမှာတော့ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်မှုထမ်းအရေအတွက်က ပိုများတယ်လို့ ပြောရမယ်။ ဒီလ တွေမှာတော့ ပိုအားကောင်းတယ်။ ကျနော်တို့ ပြည်သူ့ရင်ခွင်ကတော့ ဆက်သွယ်လာတဲ့သူတွေကို ကျနော်တို့ အနေနဲ့ သက်ဆိုင်ရာ နယ်မြေဒေသ၊ သူတို့ဆက်သွယ်လာတဲ့ နယ်မြေဒေသနဲ့ အနီးစပ်ဆုံး တော်လှန်‌ရေးတပ်ဖွဲ့တွေ MOD လက်အောက်ခံ  PDF တွေ နောက်ပြီးတော့ EROs တွေနဲ့ ချိတ်ဆက်ပြီးတော့ သူတို့ ခိုလှုံခွင့်ရဖို့အရေး သူတို့ ဘက်ပြောင်းလာနိုင်ရေးတို့ကို အဓိက ဆောင်ရွက် ပေးနေပါတယ်”လို့ ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအသက်သွင်းပြီး တလအကြာမှာ ပြည်သူ့ရင်ခွင်အဖွဲ့ (People's Embrace) ဆီ ဆက်သွယ် စုံစမ်းလာတဲ့ လူငယ်ပေါင်း  ၁၀၀၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

၂၀၂၅ ဇန်နဝါရီ တလတည်းမှာပဲ  လက်နက် ၁၅ လက်အပါနဲ့ စစ်မှုထမ်းတပ်သားသစ် ၃၁ ယောက်ကို ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဘက်ပြောင်းဖို့ ဆက်သွယ်လာသူ အများစုက စစ်မှုထမ်းဥပဒေထွက်ရှိပြီးနောက်မှာ မတရားပေါ်တာဆွဲခံရတာ စစ်မှုထမ်းဖို့ စာရင်းသွင်းခံရတဲ့ လူငယ်တွေက အများဆုံးဖြစ်တယ်လို့ ပြောပေမဲ့ အရေအတွက်ကို ပြောဆိုတာ မရှိသေးပါဘူး။

ဘက်ပြောင်းခိုလှုံသူတွေကို ကူညီလုပ်ဆောင်ပေးနေတဲ့ အဖွဲ့တခုဖြစ်တဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ (People’s Goal) ကတော့ ၂၀၂၅ ဇန်နဝါရီ တလအတွင်းမှာပဲ လက်နက်ချ အလင်းဝင်နဲ့ စစ်သုံ့ပန်း ရဲ၊ စစ်သားနဲ့ ပြည်သူ့စစ်တွေ စုစုပေါင်း ၂၆၃ ယောက် ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲ စစ်မှုထမ်းဥပဒေကြောင့် ဘက်ပြောင်းခိုလှုံ လာသူတွေလည်း ပါဝင်တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူ့ပန်းတိုင်အဖွဲ့မှ ကိုနောင်ရိုးက “တွေ့ရှိရတဲ့ အလင်းဝင် လက်နက်ချ စစ်သုံ့ပန်း ဒီအုပ်စုတွေကို ခွဲနိုင်ဖို့ ကျနော်တို့ ကြိုးစားနေတယ်။ အဲဒီထဲမှာ စစ်မှုထမ်းဥပဒေနဲ့ ပါဝင်လာတဲ့ စစ်မှုထမ်း လူငယ်တွေက အရေအတွက်များသထက် များလာတယ်လို့ ကျနော်တို့ အနေနဲ့ပြောလို့ရတယ်။ သို့သော် အရေအတွက်ကိန်းဂဏန်းတွေကို ခွဲထုတ်ဖို့ ကျနော်တို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ အဲဒီထဲကမှ အများစုဟာ ခြေလျင်တိုက်ခိုက်ရေးတပ်အသီးသီးကို ပို့လိုက်တာဖြစ်တယ်။ အဲဒီကနေမှ ရှေ့တန်း စစ်မျက်နှာတွေဆီထိ ပို့လိုက်တဲ့သူတွေဖြစ်တယ်။ ကျနော်တို့ နောက်ပိုင်း ပိုတွေ့ရတာကတော့ လက်နက်နဲ့ သို့မဟုတ် လက်နက်နဲ့ပေါ့ နေရာဒေသ အသီးသီးက ဆက်သွယ်လာပြီး ပူးပေါင်းဝင်ရောက်လာတဲ့သူတွေဟာ စစ်မှုထမ်းလူငယ်တွေရဲ့ ရာခိုင်နှုန်းဟာ တနေ့ထက်တနေ့ ပိုများလာတယ်ပေါ့”လို့ ပြောပါတယ်။

စစ်မှုထမ်းဖို့ မတရားဖမ်းဆီးခံရပြီး စစ်မှုထမ်းတပ်သားအသစ်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ မလိုလားခဲ့ရင် ပြည်သူ့ရင်ခွင်ရဲ့ တယ်လီဂရမ် (@MyanmarPeople)နဲ့ ပြည်သူ့ပန်းတိုင် တယ်လီဂရမ် (@PeopleGoal)  ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အတည်ပြုခဲ့ပြီး အမှတ် စဉ်တခုကို အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသား ၅၀၀၀ စီ ခေါ်ယူနေတာဖြစ်ပါတယ်။

အခုဖော်ဖော်ဝါရီလမှာတော့ အမှတ်စဉ် ၁၀ ထိ ခေါ်ယူသင်တန်းပေးနေပြီး အမှတ်စဉ် ၈ အထိ သင်တန်းဆင်းထားပြီးလည်း ဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013