
ကရင်နီပြည်၊ ဘောလခဲမြို့နယ်ကနေ ဖားဆောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာချိန် ပါလာတဲ့ တပ်သားသစ် ၂ ယောက်ထွက်ပြေးလာပြီး ကရင်နီပြည်တပ်မတော် KA တပ်ရင်း ၅ ဆီကို ဖေဖော်ဝါရီ ၂၁ ရက်က ရောက်လာတယ်လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
စစ်အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး အလင်းဝင်ဖို့ ထွက်ပြေးလာချိန်မှာ လက်နက်တွေပါပေမယ့် စစ်ကောင်စီတပ်ကလိုက်ဖမ်းနေတဲ့အတွက် လက်နက်တွေချန်ပြီး လွတ်အောင်ပြေးလာခဲ့ရတယ်လို့ သိရပါတယ်။
KA တပ်ရင်း ၅ ပြန်ကြားရေး တာဝန်ရှိသူက “နန်းဖဲချောင်းတနေရာကို သူတို့ရောက်လာပြီး ပြည်သူတွေနဲ့တွေ့တော့ ကျနော်တို့နား ရောက်လာတာပေါ့။ ကျနော်တို့ တပ်ရင်း ၅ ကို ဒီဇင်ဘာလကနေ ဒီလအထိ အလင်းဝင်လာတာက ၁၂ ယောက်ရှိတာပေါ့နော်” လို့ ပြောပါတယ်။
တပ်သား ၂ ယောက်ဟာ စစ်မှုထမ်း အပတ်စဉ် ၄ အတွက် အဓမ္မစုဆောင်းခံရပြီးနောက် ဟိုပုံးသင်တန်းကျောင်းနဲ့ ရမည်းသင်းသင်တန်းကျောင်းမှာ စစ်သင်တန်းတက်ခဲ့ရပြီး ဘောလခဲ စစ်ကြောင်းထဲကို ရောက်လာတာဖြစ်ပါတယ်။
ဖားဆောင်းမှာ စစ်ကောင်စီရဲ့တပ်အင်အားနည်းပြီး အထိုင်ချထားတဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ တပ်စခန်းတို့ကို ရဟတ်ယာဉ်နဲ့ပဲ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းရင်းကနေ လူအင်အားအတွက် စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်က တော်လှန်ရေးတပ်တွေဆီမှာ စစ်ကောင်စီတပ်ဘက်က ဆက်တိုက် အလင်းဝင်လာနေပြီး အယောက် ၁၀၀ လောက် ရှိနေပြီလို့ KNDF က တဆင့်သိရပါတယ်။