Home
မြန်မာသတင်း
မိုးဗြဲတွင် တပ်သားသစ် ၅ ဦး လက်နက်နှင့်အလင်းဝင်၊ ၈ ဦး ထွက်ပြေးလွတ်မြောက်လာ
DVB
·
February 18, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲအနီးတဝိုက်က ထိတွေ့တိုက်ပွဲတွေမှာ ဖေဖော်ဝါရီလမကုန်ခင်အတွင်း စစ်ကောင်စီရဲ့ တပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရသူ ၅ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်လာပြီး ရှေ့တန်းမှာ လက်နက်မဲ့ ထွက်ပြေးရင်း လွတ်မြောက်လာသူ ၈ ယောက်ကို KNDF တပ်ရင်း ၃ က လုံခြုံစွာ ထားရှိပေးထားတယ်လို့ KNDF က ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး ဘက်ပြောင်းခိုလှုံသူတွေလည်း အဆက်မပြတ် ရှိနေတာပါ။

မြေပြင်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် နှစ်မကုန်ခင်ကစပြီး ပေါ်တာဆွဲထားတဲ့ တပ်သားသစ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုရင်း စစ်မြေပြင်တွေဆီ ပို့နေတယ်လို့ သိရပါတယ်။

KNDF ပြန်ကြားရေးတာဝန်ခံက “များသောအားဖြင့် အတင်းအဓမ္မ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခြင်းခံရသူတွေ ဖြစ်ပါတယ်။ သူတို့က တခြားနည်းလမ်းနဲ့ အလင်းဝင်လာသူတွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကရင်နီနယ်စပ်က ရှေ့တန်းကိုပို့ခံရသူတွေက စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ဘားအံမြို့ကလူတွေဖြစ်ပြီး အခြေခံစစ်သင်တန်း ၃ လ တက်ခဲ့ရတဲ့ အပတ်စဥ် ၄၊ ၅၊ ၆ က တပ်သားသစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာသူတယောက်က “ညီငယ်တယောက်ဆိုရင် ဖုန်းပျောက်လို့ ရဲစခန်းသွားတိုင်တာ၊ အလုပ်ရှုပ်တယ်ဆိုပြီး ရဲက ဆွဲထည့်လိုက်တာလည်း ရှိတယ်။ ဒီဘက် (တော်လှန်ရေးအင်အားစု) ကို ရောက်တော့မှပဲ ကျနော်လည်း လုံခြုံမှုရှိသလို ခံစားရတယ်” လို့ ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လူ့အခွင့်အရေးနဲ့အညီ လုံခြုံစိတ်ချရတဲ့ နေရာမှာ ထားရှိကာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် နီးစပ်ရာ တော်လှန်ရေးအင်အားစုတွေဆီ ဘက်ပြောင်းခိုလှုံဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၅ ခုနှစ် နှစ်အစကစပြီး ဒီနေ့အထိ KNDF က တပ်ဖွဲ့တွေဆီမှာ အလင်းဝင်လာသူ ၃၅ ယောက်ထက်မနည်း ရှိနေပြီး တခြားတော်လှန်ရေးတပ်ဖွဲ့တွေဆီမှာလည်း အလင်းဝင်နေကြတာ အယောက် ၁၀၀ ကျော်ပြီလို့ KNDF ကတဆင့် သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024