
ချင်းပြည်နယ်၊ တီးတိန်မြို့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ CDF Civic Defense Militia - Siyin ဆီကနေ သိရပါတယ်။
CDF Siyin ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတယောက်က “တီးတိန်မြို့မှာ အခြေစိုက်တဲ့ အမှတ် ၂၆၉ တပ်ရင်းထဲက ရဲတပ်သား ၂ ယောက်ဟာ ကျနော်တို့ CDF CDM SIYIN တပ်ဖွဲ့ဆီမှာ ခဲယမ်းတချို့၊ လက်ပစ်ဗုံးတွေနဲ့အတူ ကျနော်တို့အဖွဲ့ဆီကို အလင်းဝင်လာတာပါ” လို့ ပြောပါတယ်။
ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြသူတွေဟာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ တပ်သား ကျော်စောနိုင်နဲ့ တပ်သား ဇော်လင်းတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
CDF CDM SIYIN ရဲ့ စစ်ဦးစီးချုပ် ထောင်းပူက “သူတို့တွေကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးမှာပါ။ ကောင်းကောင်းမွန်မွန်လည်း စောင့်ရှောက်ပေးထားပါတယ်။ စစ်ကောင်စီ တပ်ထဲကနေ အလင်းဝင်ရောက် လိုကြသူတွေအနေနဲ့လည်း အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။ အလင်းဝင်ရောက် လာကြသူတွေအတွက် သွားလိုတဲ့နေရာ၊ လုပ်လိုတဲ့ အလုပ်အကိုင်တွေ ကိုလည်း စိတ်တိုင်းကျ စီမံဆောင်ရွက်ပေးမှာပါ။ စစ်တပ်အောက်ကနေ စွန့်ခွာချင်တဲ့သူတွေ အားလုံးကိုလည်း လက်ခံကြိုဆိုနေပါတယ်။ အလင်းမဝင်ဘဲ ကျန်နေတဲ့သူတွေလည်း နောက်ဆုံးကျ ကျနော်တို့နဲ့တွေ့ရမှာပါပဲ” လို့ DVB ကို ပြောပါတယ်။
အလင်းဝင်ရောက်လိုကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့လည်း CDF CDM SIYIN က စစ်ဦးစီးချုပ် ရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ ၀၉၉၅၄၆၃၄၅၁၃ ကို အချိန်မရွေး ဆက်သွယ်နိုင်တယ်လို့လည်း သူကဆက်ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကလည်း တာဟန်းလုပ်ရှားရဲကင်းစခန်းက အသက် ၂၅ အရွယ် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား ဘူးထန်ကွီဟာလည်း အလင်းဝင်ရောက်ခဲ့သေးတဲ့အတွက် အခုနှစ်အတွင်း CDF CDM SIYIN ဆီကို အလင်းဝင်ရောက်လာသူ ၃ ယောက် ရှိလာပြီလို့လည်း သိရပါတယ်။