
အီလွန်မတ်စ်ခ် ထောက်ခံမဲဆွယ်ပေးခဲ့တဲ့ ဂျာမနီလက်ယာစွန်းပါတီ (AfD) ဟာ ဂျာမနီနိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံး ရခဲ့ပါတယ်။
ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျာမန်ရွေးကောက်ပွဲတခုမှာ ပထမဆုံးအကြိမ် လက်ယာစွန်းပါတီတခုက မဲဒုတိယအများဆုံးရတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ မဲအများဆုံးရခဲ့တဲ့ CSU/CDU အုပ်စုအပါအဝင် ပင်မရေစီးကြောင်းပါတီကြီးတွေက AfD ကို အစိုးရအဖွဲ့ထဲ ပါဝင်ခွင့်မပေးဘူးလို့ ထုတ်ပြန်ထားပါတယ်။
၂၀၁၃ ခုကမှ တည်ထောင်ခဲ့တဲ့ ဒီပါတီဟာ မဲ ၂၀ ရာခိုင်နှုန်းအထိ ရခဲ့ပြီး မဲပေးခဲ့ကြတဲ့ ဂျာမနီနိုင်ငံသား ၅ ယောက်မှာ တယောက်က ထောက်ခံခဲ့တာလို့ ပြောလို့ရပါတယ်။
ပါတီခေါင်းဆောင် အဲလစ်ဝီဒယ်လ် ကတော့ “နောက်တကြိမ် ငါတို့ ပထမဖြစ်ရမယ်” လို့ ကြွေးကြော်ခဲ့ပါတယ်။
ညွန့်ပေါင်းအစိုးရထဲပါဝင်ဖို့ သူတို့ဘက်က တံခါးဖွင့်ထားဆဲဖြစ်ပြီး မဲအများဆုံးရတဲ့ ကွန်ဆာဗေးတစ်တွေဟာ သူတို့နဲ့မပေါင်းဘဲ လက်ဝဲပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့မယ်ဆိုရင် မဲမသမာရာ ရောက်မယ်လို့ ဝေဖန်ခဲ့ပါတယ်။
AfD ပါတီဟာ ရွှေ့ပြောင်းအခြေချမှုကို အပြင်းအထန် ဆန့်ကျင်သလို ဥရောပသမဂ္ဂကိုလည်း ဖျက်သိမ်းဖို့ဆန္ဒရှိပြီး ရုရှားနဲ့စစ်ပွဲမှာ ယူကရိန်းကို မထောက်ခံတဲ့ သဘောထား ကိုင်စွဲထားပါတယ်။
ရိုးရာ မိသားစုတန်ဖိုးတွေကို ကိုင်စွဲတဲ့ ရှေးရိုးစွဲအမြင်တွေ ကိုင်စွဲထားပေမဲ့ ပါတီခေါင်းဆောင် ဝီဒယ်လ်ဟာ အမျိုးသမီးချင်း ချစ်ကြိုက်သူ ဖြစ်ပါတယ်။
ဆွစ်ဇာလန်မှာနေတဲ့ သီရိလင်္ကာနွယ်ဖွား အတူနေချစ်သူနဲ့ ကလေး ၂ ယောက်လည်း မွေးစားထားသူ ဖြစ်ပါတယ်။
တချိန်က နိုင်ငံတကာမှာပါ ဝိုင်းကြဉ်ခံခဲ့ရတဲ့ပါတီ ဖြစ်ပေမဲ့ အခုအခါမှာတော့ အိမ်ဖြူတော်မှာ နေရာရနေတဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ရဲ့ ထောက်ခံပေးမှု ရထားပါတယ်။
မတ်စ်ခ်ဟာ AfD အတွက် X လူမှုကွန်ရက်က မဲဆွယ်ပေးတာအပြင် ကိုယ်တိုင် မိန့်ခွန်းပြောတာမျိုးတွေပါ လုပ်ခဲ့ပါတယ်။
ဒါ့အပြင် ထရမ့်ပ် ကျမ်းကျိန်ပွဲမှာ AfD ပါတီကို ဖိတ်ကြားခဲ့သလို ဒုသမ္မတ ဂျေဒီဗန့်စ်ကလည်း မြူးနစ်မြို့မှာ ဝီဒဲလ်နဲ့ တွေ့ဆုံခဲ့ပြီး AfD ဟာ နိုင်ငံရေးမိတ်ဖက်ပါတီ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Source : Reuters