Home
မြန်မာသတင်း
ကျားဖြန့်နှိမ်နင်းရေး အပါအဝင် မြန်မာ့အရေး အခိုင်အမာလုပ်ဆောင်မည်ဟု မလေးရှား ဝန်ကြီး ပြော
DVB
·
February 24, 2025
Photo: Wisma Putra

ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအပါအဝင် ငြိမ်းချမ်းရေး ပြန်လည်ရရှိရေးနဲ့ ပြည်သူ့အနာဂတ်ဘဝ ဘေးကင်းလုံခြုံရေးတို့အတွက် မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ကတိကဝတ်ပြုထားတဲ့အတိုင်း အခိုင်အမာလုပ်ဆောင်သွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောတဲ့အကြောင်း Malay Mail သတင်းမှာ ဖေဖော်ဝါရီ ၂၃ ရက်က ဖော်ပြပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဒ်ဟာဆန်က “အာဆီယံက ဝင်မစွက်ဖက်ရေးမူကို လက်ကိုင်ထားပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခအကျပ်အတည်းက နယ်နိမိတ်ဘောင်ကို ကျော်လွန်သွားပြီ။ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှု၊ ဆိုက်ဘာရာဇ၀တ်မှုတွေနဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ အားလုံးက မလေးရှား အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်စေတယ်”လို့  ရမ်ဘူပါလီမန် မဲဆန္ဒနယ်မြေက ဗလီတွေအတွက် ရမ်ဇမန်ဥပုသ်လ အလှူငွေပေးအပ်ပွဲ အခမ်းအနားအပြီး သတင်းထောက်တွေကို ပြောလိုက်တာပါ။

ရမ်ဘူပါလီမန်အမတ်လည်းဖြစ်တဲ့ မိုဟာမက်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရယူနိုင်မှုက ဘေးဒဏ်သင့်ဒေသတွေဆီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အဟန့်အတားမရှိ ပေးပို့နိုင်စေဖို့ သေချာစေမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

“မြန်မာနိုင်ငံမှာ တည်ငြိမ်မှု ပြန်လည်ရရှိလာဖို့ မျှော်လင့်ပါတယ်။ ဒါမှသာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆွေးနွေးမှုတွေ ပြုလုပ်နိုင်မှာပါ။ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးအနာဂတ်ကို ဆုံးဖြတ်ဖို့က မြန်မာပြည်သူတွေအပေါ်မှာပဲ မူတည်နေတာပါ၊ ဒါပေမဲ့ အာဆီယံရဲ့ အဓိက စိုးရိမ်ချက်ကတော့ အကျပ်အတည်းကို အဆုံးသတ်ဖို့ပါပဲ” 

တချိန်တည်းမှာပဲ ထိုင်း-မြန်မာနယ်စပ်မှာ လူကုန်ကူးခံရတယ်လို့ ယူဆရတဲ့ မလေးရှား နိုင်ငံသား ၂၂ ယောက် ပြန်လည်လွတ်မြောက်ရေးအတွက် ထိုင်းအစိုးရနဲ့ နီးနီးကပ်ကပ် ဆက်လက် လုပ်ဆောင်နေကြောင်းလည်း သူက ပြောပါတယ်။

မလေးရှားနိုင်ငံဟာ အခု ၂၀၂၅ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသလို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကိုလည်း အာဆီယံဥက္ကဋ္ဌရဲ့ အလွတ်သဘော အကြံပေးပုဂ္ဂိုလ်အနေနဲ့ မလေးရှားဝန်ကြီးချုပ်က ခန့်အပ်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ဟာ ဘရူနိုင်းဘုရင် ဟာဆင်နယ်ဘိုလ်ကီရာနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ပဋိပက္ခနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်အသက်ဝင် ရှင်သန်စေမယ့် နည်းလမ်းတွေအပါအဝင် မြန်မာ့အရေး ဆွေးနွေးခဲ့ ပါတယ်။

မလေးရှားဝန်ကြီးချုပ် မစ္စတာအန်နဝါကတော့ ဖေဖော်ဝါရီ ၁၈ ရက်က အလွတ်သဘော တွေ့ဆုံခဲ့တဲ့ အဆိုပါအစည်းအဝေးက “ထိရောက်အကျိုးအရှိဆုံး” ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သက်ဆင်နဲ့ ဘရူနိုင်းဘုရင်တို့ဟာ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့ အပြုသဘောဆောင်တဲ့ လမ်းကြောင်းကို ဘယ်လို အကောင်းဆုံး လုပ်ဆောင်ကြမလဲ ဆိုတာ ဆွေးနွေးခဲ့ကြပြီး အာဆီယံရဲ့ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိပေးဖို့လည်း ဆွေးနွေးခဲ့တဲ့အကြောင်းလည်း သူက ပြောပါတယ်။

Source: Malay Mail 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013