
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်နဲ့အတူ ဘရူနိုင်းဘုရင် ဟာဆင်နယ်ဘိုလ်ကီရာနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တဲ့အကြောင်း Bangkok Post သတင်းမှာ ဖေဖော်ဝါရီ ၁၉ ရက်က ဖော်ပြပါတယ်။
မလေးရှားဝန်ကြီးချုပ်ရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာ X ပေါ်က မျှဝေထားခဲ့တာကို ကိုးကားဖော်ပြထားတာဖြစ်ပြီး ဒီဆွေးနွေးမှုမှာ သက်ဆင်က အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ်ရဲ့ ပုဂ္ဂိုလ်ရေး အကြံပေးအဖြစ် တက်ရောက်ခဲ့တာဖြစ်ကာ ဆွေးနွေးခဲ့တာတွေထဲ မြန်မာနိုင်ငံ ပဋိပက္ခနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်အသက်ဝင်ရှင်သန်စေမယ့် နည်းလမ်းတွေအကြောင်း ပါဝင်တယ်လို့ ဆိုပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရေး၊ သက်ဆိုင်သူတွေ တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံ အထူးသံတမန်က ကြားဝင်ညှိနှိုင်းပေးရေး၊ အာဆီယံကတဆင့် စာနာမှုအကူအညီတွေပေးရေးနဲ့ အာဆီယံအထူးသံတမန် မြန်မာပြည်ကိုလာပြီး သက်ဆိုင်တဲ့အဖွဲ့တွေ အားလုံးနဲ့တွေ့ဆုံရေးတို့ဖြစ်ကာ ဒါက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ဧပြီလမှာ စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်တွေ အင်ဒိုနီးရှားမှာ တွေ့ဆုံခဲ့ချိန်မှာ သဘောတူညီခဲ့ကြတာပါ။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဘက်ကတော့ NUG ၊ ဒါမှမဟုတ် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ အာဆီယံ ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုမှုကို အကြိမ်ကြိမ် ငြင်းဆိုခဲ့သလို သူတို့အားလုံးကို အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ တံဆိပ်ကပ်ထားတယ်လို့ ဆိုပါတယ်။
မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်နဝါကတော့ အင်္ဂါနေ့မှာ အလွတ်သဘော တွေ့ဆုံခဲ့တဲ့ အဆိုပါ အစည်းအဝေးက “ထိရောက်အကျိုးအရှိဆုံး” ဖြစ်တယ် ဖော်ပြခဲ့တာပါ။
“တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ အများကြီးရှိတဲ့ အာဆီယံရဲ့ အကြီးတန်းခေါင်းဆောင် ဘုရင်မင်းမြတ်နဲ့ ကျနော်တို့ အာဆီယံနဲ့ ပတ်သက်တဲ့ ကျယ်ပြန့်တဲ့ ကဏ္ဍပေါင်းစုံ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်” လို့ စူလတန်ဘုရင်ကို ရည်ညွှန်းပြီး မစ္စတာ အန်နဝါက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သက်ဆင်နဲ့ ဘရူနိုင်းဘုရင်တို့ဟာ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့ အပြုသဘောဆောင်တဲ့ လမ်းကြောင်းကို ဘယ်လို အကောင်းဆုံး လုပ်ဆောင်ကြမလဲ ဆိုတာ ဆွေးနွေးခဲ့ကြပြီး အာဆီယံရဲ့ သက်ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးတွေကို အသိပေးဖို့လည်း ဆွေးနွေးခဲ့တဲ့အကြောင်းလည်း သူက ပြောပါတယ်။
Source: Bangkok Post