Home
ဆောင်းပါး
CDM ၄ နှစ် စစ်တမ်း
DVB
·
February 24, 2025

လူဖမ်း ထောင်ချ၊ အိမ်ကျ ချိတ်ပိတ်

လုပ်ငန်း ပိတ်သေး၊ နေရေး ခက်စေ

ယုတ်မာပေစွ၊ စကစ ကို

ဝိုင်း ပို ဖီဆန်၊ CDM များ

လေးနှစ်သားတောင်ကျော်ခဲ့ပြီ။ ။

၂၀၂၁ ခုနှစ် အာဏာသိမ်းခါစအချိန် ဖေဖော်ဝါရီလ CDM လုပ်ခါစမှာ တော်လှန်ရေးကလည်း အရှိန်မြင့်နေချိန် ကိုဗစ်ကလည်း စိုးရိမ်ရချိန်ဆိုတော့ ဌာနပေါင်းစုံက ရုံးတွေပိတ်ထားတာပေါ့လေ။ အဲဒီတော့ CDM နဲ့ Non CDM ဆိုတာ အများအမြင်မှာ ကွဲကွဲပြားပြား မသိရသေးချိန်ပေါ့လေ။ ကျမတို့တ‌တွေလည်း "ငါဟဲ့ CDM " ဆိုပြီး ဂုဏ်ယူဝင့်ကြွား ကြွေးကြော်လို့ ကျေနပ်ပီတိအပြုံးတွေ ဝေနေရချိန် ဆိုပါတော့လေ။ မတ်လ ၁ ရက်နေ့မှာတော့ နွေဦးတော်လှန်ရေးဆိုပြီး တော်လှန်ရေးမှာပါဝင်သူတွေက ဂုဏ်ယူမဆုံး ပျော်တပြုံးပြုံးနဲ့ ဖြစ်နေကြပြီ။ မတ်လ တလလုံးဟာ ဆန္ဒပြ ပြည်သူတွေ တက်ကြွမှု အများဆုံးလို့ ထင်မိတယ်ရှင်။

လေးနှစ်ကာလ၊ အိပ်ပျက်ညများ

ဖြတ်သန်းသွားကြ၊ နေခဲ့ရလည်း

နောင်တမရ၊ နိုင်ကြဖို့သာ

ဦးတည်ခဲ့ကြပါတကား ။ ။

ဧပြီလမှာတော့ တော်လှန်ရေးမှာ ပါဝင်သူတွေကို ပစ်ခတ် သတ်ဖြတ် နှိမ်နင်းမှုတွေ မြေပြင် စစ်ကြောင်း ထိုးမှုတွေနဲ့ အကြောက်ရဆုံးလို့ ထင်ခဲ့ရတဲ့ကာလ ဖြစ်ခဲ့ပါတယ်။ ဧပြီလနောက်ပိုင်းကစပြီးတော့ အာဏာသိမ်း စစ်တပ်က ရက်စက်သည်ထက် ပိုရက်စက်ပြီး အပြစ်မဲ့ ပြည်သူတွေကို အကြောင်းမဲ့ နှိပ်စက် သတ်ဖြတ်တာတွေ ဆက်တိုက် ပြုလုပ်လာပါတော့တယ်ရှင်။ ကျမတို့ CDM တွေကိုလည်း ဖမ်းဆီး နှိပ်စက်တာတွေအပြင် ပြည်ပထွက်ခွာခွင့်တွေ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းနဲ့ ကျောင်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခွင့် မရရှိအောင် ပိတ်ပင်တားဆီး အရေးယူတာတာတွေ လုပ်လာပါတယ်။ "ဘယ်မြို့ ဘယ်ရွာက CDM ဘယ်သူ့ကို ဆွဲထားလိုက်ပြီ" ဆိုတဲ့ သတင်းတွေကြားမှာ ကြောက်စိတ်နဲ့ အိပ်ပျက်ညတွေကို ဖြတ်သန်းရင်း ပြိုလဲတော့မလို ဖြစ်နေတဲ့ စိတ်ကို အားတင်းပြီးတော့ စိတ်ဓာတ် သန်မာအောင် ကြိုးစား နေထိုင်ခဲ့ရပါတယ်ရှင်။ မေလမှာတော့ လမ်းပေါ်ထွက် ဆန္ဒပြတဲ့သူတွေ နည်းသည်ထက်နည်းလာပါပြီ။ အွန်လိုင်းမှာပဲ ကီးဘုတ်ဖိုက်တာ အနေနဲ့ တော်လှန်ရေးအကြောင်းကို မျှဝေသူတွေပဲ များပါတယ်။ မြေပြင်မှာ ဆန္ဒပြတာကတော့ ပြည်တွင်းမှာ သိပ်မလုပ်ရဲကြတော့ပါဘူး။ ဒါပေမဲ့ စစ်အာဏာရှင်ကိုတော့ အရှုံးပေးချင်တဲ့စိတ် တစိုးတစေ့မှ မရှိခဲ့ရိုး အမှန်ပါရှင်။

ပြိုကွဲလို့မဖြစ်၊ တပ်ဦးဖြစ်သည်

CDM များ၊ ကျောက်စိုင်သားဟေ့

အပြုံးများစီ၊ ပန်းတိုင်ဆီသို့

ကိုယ်စီချီတက်နေကြသည်။ ။

ကျမတို့ CDM တွေကို နည်းလမ်းမျိုးစုံနဲ့ ကြောက်စိတ်ဝင်အောင်၊ စိတ်ကို ဒွိဟဖြစ်အောင် အခက်ခဲမျိုးစုံ ကြုံတွေ့ပြီး စိတ်ဓာတ်ကျအောင် လုပ်ဆောင်နေပေမဲ့ "ဒီနွေဦးတော်လှန်ရေးမှာ CDM တပ်ဦးကြီး ပြိုကွဲလို့ မဖြစ်ဘူးဟယ်" ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ အပြုံးမပျက် ရှေ့ဆက်ခဲ့ကြတဲ့ အာဇာနည် စိတ်ဓာတ်အပြည့်နဲ့ CDM သူရဲကောင်းတွေပါပဲရှင်။ ၂၀၂၂ ခုနှစ် အစပိုင်းကစပြီး ကျမတို့ CDM တွေဟာ ဟန်ဆောင် အပြုံးတွေ ရင်မှာပိုက်ပြီး လောကဓံရဲ့ ကျီဆယ်မှု‌တွေကို စတင်ကြုံတွေ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ တချို့က ကိုယ့်အိမ်မှာတောင် မနေရဲကြလို့ မျက်နှာစိုးငယ်နဲ့ အသိအိမ်မှာ မျက်နှာအောက်ချ နေခဲ့ရတဲ့နေ့ရက်တွေ၊ တချို့က နေစရာ အိမ်မရှိတော့အောင် ချိပ်ပိတ်၊ ဖျက်ဆီး၊ မီးရှို့ခံရတဲ့ CDM တွေရဲ့ ခက်ခဲတဲ့ဘဝနဲ့ နေစရာမဲ့၊ စားစရာ မရှိဘဲနဲ့ ကြုံရာမှာ ဖြစ်သလို နေခဲ့ရတဲ့ရက်စွဲတွေ၊ တချို့ တချို့တွေကတော့ ပြေးရင်းလွှားရင်း ရောဂါရလို့ သေသူသေ၊ လက်နက်ကြီးမှန်လို့ ကြွေသူကြွေနဲ့ CDM တချို့ဟာ အသက်ပါ ပေးဆပ်သွားခဲ့သူတွေလည်း ရှိခဲ့ပါတယ်ရှင်။

၂၀၂၂ ခုနှစ်မှာတော့ လွတ်မြောက်နယ်မြေအချို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က ကျောင်းတွေ ဖွင့်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ စစ်အစိုးရက CDM တွေကို အလုပ် ပြန်ဝင်ချင်ရင် ရတယ်၊ အရေးမယူပါဘူးဆိုပြီး စကားသံ စလွှင့်ပါတယ်။ စိတ်ဓာတ်ခိုင်မာပြီး ခံယူချက် ပြင်းပြတဲ့ ကျမတို့ CDM တွေဟာ “အာဏာရှင်အောက် ဘယ်တော့မှ ဒူးမထောက်” လို့‌ ဆုံးဖြတ်ပြီး ခက်ခဲတဲ့ဘဝကိုပဲ လိပ်ပြာသန့်သန့်နဲ့ နေခဲ့ကြပါတယ်ရှင်။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၂၃ အစောပိုင်း ကာလတွေမှာ ကျမတို့ ကြားကာလ ပညာသင်ကြားရေး ပြည်သူ့အခြေပြု ကျောင်းတွေကို ဝေဟင်က တမျိုး၊ မြေပြင်ကတဖုံနဲ့ သင်ကြားမှု ထိခိုက်အောင် နည်းမျိုးစုံနဲ့ နှောင့်ယှက်လာပါတော့တယ်။ စာသင်နေတဲ့ CDM ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာတွေဟာ  ခိုင်မြဲသော ဇွဲ လုံ့လနဲ့ အရှုံးမပေး ဆက်လက် သင်ကြားနေဆဲပါပဲရှင်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းနဲ့  ၂၀၂၄ ခုနှစ် ကာလတွေမှာတော့ ကျမတို့ CDM တွေဟာ ဘယ်လောက် ခက်ခဲတဲ့ဘဝကို ရောက်နေပါစေ ဖြတ်ကျော်လာနိုင်တယ်။ ဘယ်လောက်ထိ ခြောက်လှန့်နေပါစေ သတ္တိရှိလာကြတယ်။ ကိုယ်ယုံကြည်လို့ ရွေးချယ်လျှောက်လှမ်းခဲ့တဲ့ဘဝကို အသက်ကိုတောင် မငဲ့ဘဲ ဆက်လက်တိုက်ပွဲဝင်ပြီး အောင်မြင်မယ်လို့ ယုံကြည်နေကြပြီ ဖြစ်ပါတယ်ရှင်။

ကျမတို့ CDM တွေရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့ပါတယ်ရှင်။ အခုဆိုရင် ကျမတို့ CDM တွေဟာ “အရင်တုန်းကထက် သွက်လက်ပျော်ရွှင် CDM တို့ လုပ်ငန်းခွင်” ဖြစ်နေပါပြီ။ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်က မြေမြင်ကျောင်းတွေမှာ စာသင်သူကသင်၊ အွန်လိုင်းကနေ ဖက်ဒရယ်ကျောင်းတွေမှာ အလုပ်ဝင်သူကဝင်၊ တခြား စီးပွားရေး နယ်ပယ်မှာ ကောင်းရောင်းကောင်းဝယ်လုပ်ရင်း ကြီးပွားနေတဲ့ CDM‌ တွေကလည်း တပုံတပင်ပါပဲရှင်။ ကျမတို့ CDM ‌တွေဟာ အတွေ့အကြုံသစ်၊ နေရာသစ်၊ မိတ်ဆွေ အသစ်၊ လုပ်ငန်းအသစ်တွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်ရှင်။ တချို့ CDM တွေကတော့ ချို့တဲ့စွာ နေရင်းနဲ့ တော်လှန်ရေးပြီးမယ့်နေ့ကိုပဲ မျှော်နေသူတွေလည်း ရှိပါတယ်ရှင်။ သူတို့ကို ပြောချင်တာက စိတ်ဓာတ်မကျဘဲ ကိုယ်လုပ်နိုင်တဲ့အလုပ်နဲ့ ကိုယ်ဝါသနာပါတဲ့ လက်မှုပညာ အချို့ကို သင်ယူရင်း အချိန်ကို အကျိုးရှိရှိ ကုန်ဆုံးကြပါလို့ ပြောချင်ပါတယ်ရှင်။

ကျမတို့ တန်ဖိုးထားရတဲ့ ‌နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်ဆင်နွှဲတဲ့ ကျမတို့ တော်လှန်ရေး အဖွဲ့တွေက လေးစားအားထား ချစ်ခင်ရပါတဲ့ နိုင်ငံကျော်ရုံမက ကမ္ဘာထိ ထင်ပေါ်နေတဲ့ အဆိုတော် မဖြူ (ဖြူဖြူကျော်သိန်း) သီဆိုထားတဲ့ "ကြယ်" သီချင်းထဲက စာသား‌လေးတွေကို သဘောကျလွန်းလို့ ယူသုံးရစေရှင်။ 

"လေပြည်တွေရောက်လို့ မလာခင် မုန်တိုင်းတွေ ဖြတ်ကျော်ရအုံးမယ်"၊ "အမှောင်ယံတွေ ကြီးစိုးပြီးသွားရင် နေရောင်တွေ ပြန်လင်းလက်သွားမယ်"၊ "အကာကွယ်တွေ မရှိတဲ့ ဘဝမှာ ကျည်ဆန်တွေ ဘယ်လို ကျေမလဲ" ကျမတို့ CDM‌ တွေ မုန်တိုင်းပြီးလို့ လေပြည်‌တွေ ရောက်နေပါပြီလို့ ပြောကြားရင်း ကျမတို့ရဲ့ လေးနှစ်တာကာလက CDM နေ့ရက်တွေကို ကိုယ်စီ ကိုယ်စီ စစ်တမ်းထုတ်ကြပါစို့။ ။

ဖီးနစ်မေ (CDMကျောင်းဆရာမ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024