
ရခိုင်ပြည်နယ် မင်းပြားမြို့မှာ ခိုးရာပါဆိုင်ကယ် ၂၅ စီးကို အာရက္ခပြည် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန(DLEPS)က ဖေဖော်ဝါရီ ၂၀ ရက်နေ့မနက်ပိုင်းမှာ အခမ်းအနားနဲ့ ပိုင်ရှင်ဆီကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ DLEPS နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မင်းပြား၊ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တို့က ပိုင်ရှင် ၉ ယောက် လာရောက်ထုတ်ယူခဲ့ကြပြီး ကျန်ရှိနေတဲ့ ဆိုင်ကယ်တွေကိုလည်း အထောက်အထားအပြည့်အစုံနဲ့ လာရောက်ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်ခိုးတဲ့သူတွေကိုလည်း တရားဥပဒေအရအရေးယူထားတယ်လို့ လို့သိရပြီး ဘယ်နှစ်ယောက် ဖမ်းဆီးအရေးယူထားတယ်ဆိုတာကိုတော့ DLEPS ဘက်က ထုတ်ဖော်ပြောဆိုတာမရှိဘူးလို့ ဆိုပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ အာရက္ခတပ်တော် AA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ရာဇဝတ်မှုတွေမဖြစ်ပွားအောင်နဲ့ ယာဉ်အန္တရာယ် ကင်းရှင်းအောင် နေ့ညမပြတ် ဆောင်ရွက်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုကို AA က သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးကို ဖော်ဆောင်နေသလို လုံခြုံနေရးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကိုလည် ဆောင်ရွက်လာတာဖြစ်ပါတယ်။