
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မောင်းလာတဲ့ကား တိမ်းမှောက်ပြီး စစ်ဆေးဖို့လာတဲ့ ရဲ၊ အုပ်ချုပ်ရေးမှူးနဲ့ ယာဉ်ထိန်းရဲတို့ ဆဲဆိုရိုက်နှက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ညနေ ၆ နာရီခွဲလောက်က ပိတောက်ချောင်လမ်းဆုံမှာ စစ်သားတချို့ပါလာတဲ့ လိုက်ထရပ်ကားဟာ လမ်းဘေးမှာရပ်ထားတဲ့ ဆိုင်ကယ်တွေကို ဝင်တိုက်ပြီး လဲကျသွားခဲ့တာပါ။
ကားပေါ်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီ တပ်သားတချို့၊ လက်နက်ခဲယမ်းတွေပါတဲ့ သစ်သားပုံးတွေနဲ့ ဆီပေပါ ၂ လုံးပါလာတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “ကားမှောက်တယ်ဆိုတော့ အုပ်ကြီး၊ ရဲတွေ၊ ယာဉ်ထိန်းရဲတွေက ကားမှောက်တဲ့နေရာကိုလာစစ်တာ။ မှောက်တဲ့ကားထဲမှာ အရပ်ဝတ်နဲ့လက်နက်ကိုင်ထားတဲ့ စစ်သားတွေပါတယ်။ စစ်ကောင်စီတပ်သားတယောက်က အုပ်ကြီးကို ပါးရိုက်ပြီး ဒီညမင်းဘာဖြစ်မလဲ ကြည့်နေဆိုပြီးဆဲတယ်။ မော်တော်ပီကယ်တွေကိုလည်း ဓာတ်ပုံရိုက်လို့ဆိုပြီး ဆဲတာ” လို့ ပြောပါတယ်။
အဲဒီ မှောက်သွားတဲ့ကားပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်သားတယောက်က အုပ်ချုပ်ရေးမှူးနဲ့ မော်တော်ပီကယ်တွေ၊ ရဲတွေကို သူတို့ကစစ်သားတွေဖြစ်ပြီး ဂွ-ငါးသိုင်းသိုင်းချောင်း လမ်းပိုင်းမှာရှိတဲ့ အမှတ် ၃၄၄ အမြောက်တပ်ဆီကို တိုင်းရုံးက လွှတ်လိုက်တာကြောင့် အရေးတကြီးထွက် လာတာဖြစ်တယ်လို့ အော်ဟစ်ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။
မျက်မြင်တွေ့ခဲ့တဲ့ ဆိုင်ကယ်သမားတယောက်က “စစ်သားတွေက ကြမ်းကြမ်းတမ်းတမ်းကို ပြောတာ။ အနားတော့မကပ်ရဲဘူး၊ အကျယ်ကြီးပြောလို့ကြားရတာ။ ရဲတွေက ရဲစခန်းကို လိုက်ခဲ့ဖို့ခေါ်တော့ စကားများကြတာ။ စစ်သားတွေက ငါတို့ မင်းတို့ရဲစခန်းလိုက်ခဲ့မယ်။ မင်းတို့ တာဝန်ယူနိုင်လား တာဝန်မယူနိုင်ရင် ငါတို့ဆက်သွားမယ်ဆိုပြီး မလိုက်သွားဘဲ ဆက်သွားတာ” လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့က ဖြစ်စဉ်အနီးရှိတဲ့ ဆိုင်ကယ်သမားတွေနဲ့ ကားသမားတွေရဲ့ လက်ကိုင်ဖုန်းတွေကို ဓာတ်ပုံရိုက်ယူထားတာ ရှိ၊ မရှိ လိုက်လံစစ်ဆေးခဲ့ပြီး ဓာတ်ပုံရိုက်ထားတာတွေကို ဖျက်ပစ်ခဲ့တယ်လို့သိရပါတယ်။