မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကားတွေ မီးလောင်ပျက်စီးသွားသလို စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားလည်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းရဲ့တပ်ဖွဲ့ဝင်တယောက်က “ဆိပ်ဖြူ ကပစ ၂၁ ကနေ အင်အား ၅၀ လောက်က စစ်ကား ၅ စီးနဲ့ထွက်လာကြတာကိုသတင်းရလို့ ကျနော်တို့တပ်ရင်းနဲ့ မဟာမိတ် တပ်ပေါင်းစုတွေက ဆိပ်ဖြူ-ကန်ဇွန်းမလမ်းပိုင်းမှာ ရှေ့ကနေစောင့်ပြီး ဖြတ်တိုက်ခဲ့တာပါ” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ယောက်ထက်မနည်း သေဆုံးသလို စစ်ကား ၂ စီးလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲ က “သူတို့ စစ်ကား ၃ စီး၊ ဖောကား ၁ စီးနဲ့ အိမ်စီးကား ၁ စီးက ပြင်ဦးလွင်ဘက်ကို တက်ဖို့ထွက်လာတယ်ဆိုတာ သတင်းကြိုရခဲ့လို့ အဆင်သင့်ထွက်စောင့်ကြတာ တိုက်ခိုက်မှုကြာချိန်ကတော့ ခဏလေးပါပဲ။ ပေ ၁၅၀ အကွာလောက်ကနေ ကပ်ဖြုတ်ခဲ့တာ။ တိုက်ပွဲဖြစ်နေချိန်မှာ ဆိပ်ဖြူကနေ သူတို့ စစ်ကူတွေ ရောက်လာကြလို့ လက်နက်တွေ မကောက်နိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ်။ သူတို့ဘက်က သေတဲ့သူတွေနဲ့ ဒဏ်ရာရသူတွေကို စစ်ကူစစ်ကြောင်းက သယ်ဆောင်သွားကြပြီး ဒဏ်ရာသူတွေကို ဆိပ်ဖြူဆေးရုံကို ပို့လိုက်ကြတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပါဘူး” လို့ DVB ကို ပြောပါတယ်။
အာရက္ခတပ်တော် AA က ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းအများစုကို သိမ်းပိုက် ရရှိပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ မကွေးတိုင်းအတွင်းက ကပစ စက်ရုံတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားနေသလို ကပစ စက်ရုံတွေကနေလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေကြပြီး စစ်ကြောင်းတွေလည်း တောက်လျှောက်ထွက်နေတယ် လို့ သူက ဆက်ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် တပ်ရင်း ၁၊ ပခုက္ကူခရိုင် တပ်ရင်း ၁၉၊ ဆိပ်ဖြူမြို့နယ် အနောက်ပိုင်းဇုန် ၁ ပကဖ၊ မကွေးတိုင်း ပကဖ ရဲ့ ရွေ့လျားစစ်ကြောင်း (Yenanthar Column) နဲ့ မကွေးတိုင်းပကဖရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။