
စစ်မှုထမ်းအသက်ကိုက်ညီသူတွေကို မူဆယ်နယ်စပ်ကနေ တရုတ်ဘက်ကို သွားခွင့်မပြုသလို တရုတ်ဘက်ကလည်း အလုပ်ခေါ်စာမပါရင် ဝင်ခွင့်မပြုတော့ဘူးလို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။
ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ် (TBP) နဲ့ ဝင်ရောက်မယ့်သူတွေ တိုကင်ယူစရာ မလိုတော့ပေမယ့် မြန်မာဘက်က အသက်ကန့်သတ်လိုက်သလို တရုတ်ဘက်ကလည်း ကန့်သတ်လိုက်တာပါ။
ဌာနဆိုင်ရာနဲ့ နီးစပ်သူတယောက်က “ဟိုဘက် (တရုတ်ဘက်) ဝင်တာက အသက် ကန့်သတ်ထားတယ်။ ပြီးတော့ သူဌေးခေါ်စာရှိတဲ့ သူတွေကိုပဲ တရုတ်ဘက်က ဝင်ခိုင်းတယ်။ မြန်မာဘက်ခြမ်းက အသက်ကန့်သတ်လိုက်တာ။ တရုတ်ဘက်ခြမ်းက သူဌေးခေါ်စာ ရှိတဲ့သူတွေကိုပဲ ဝင်ခိုင်းတာ” လို့ ပြောပါတယ်။
မိန်းကလေးဆိုရင် အသက် ၁၈ နှစ် ကနေ ၂၇ နှစ်ကြား၊ ယောက်ျားလေးဆိုရင် အသက် ၁၈ ကနေ ၃၅ နှစ်ကြား စစ်မှုထမ်းအရွယ်နဲ့ ကိုက်ညီတဲ့သူတွေကို တရုတ်ဘက် သွားခွင့်မပြုတော့တာပါ။
စစ်မှုထမ်းနဲ့ကိုက်ညီတဲ့ အသက်အရွယ်ရှိသူတွေအနေနဲ့ မဖြစ်မနေသွားမယ်ဆိုရင်တောင် မိမိ နေရပ်က စစ်မှုထမ်းနဲ့ကင်းလွတ်တဲ့ စာရွက်စာတမ်းတွေ၊ စစ်ကောင်စီက စစ်မှုထမ်းခေါ်ရင် အချိန်မရွေး ပြန်လာနိုင်ရမယ်ဆိုတဲ့ စာရွက်စာတမ်းတွေပြနိုင်မှရတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။
နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် (BP) အနီရှိသူတွေအတွက်ကတော့ အသက်အကန့်အသတ် မရှိဘူးလို့ သူက ပြောပါတယ်။
နယ်စပ်ကုန်သည်လုပ်ငန်းရှင်တယောက်က “တိုကင်တော့ ယူစရာမလိုတော့ဘူး။ မြန်မာနိုင်ငံထဲ အလုပ်လုပ်မယ့် လူငယ်တွေ၊ အလုပ်လုပ်နိုင်တဲ့သူတောင်မရှိတော့ဘူး။ ရန်ကုန်မှာရှိတဲ့ စက်ရုံတွေလည်း ပြောလာတာ ရှိတယ်” လို့ ပြောပါတယ်။
မူဆယ်ခရိုင်က ဌာနဆိုင်ရာတာဝန်ရှိသူတယောက်ကတော့ သူဌေးခေါ်စာ မရှိရင်တော့ အခြေအနေက စိတ်မချရတဲ့အတွက် မသွားတာကောင်းတယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစလို့ မြန်မာဘက်ခြမ်းက ၇ ရက် သက်တမ်းရှိတဲ့ ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်ကတ် (TBP) အတွက် ကြိုတင်တိုကင် ယူစရာမလိုတော့ပေမယ့် အလုပ်ခေါ်စာနဲ့ စစ်မှုထမ်းသတ်မှတ်ချက်နဲ့ ကင်းလွတ်သူတွေပဲဝင်လို့ရတော့ကြောင်း ၇ ရက် သက်တမ်းရှိ ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်ကတ် (TBP) နဲ့ ဝင်မရခဲ့တဲ့သူတွေက လူမှုကွန်ယက်မှာ ပြောပြထားပါတယ်။