
ဧရာဝတီတိုင်းကမြို့နယ်တွေမှာ စစ်မှုထမ်းခိုင်းမဲ့သူတွေကို မြို့နယ်ကနေတိုက်ရိုက်ခေါ်နေပြီး ဟင်္သာတမြို့မှာတော့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၊ ပျူစောထီးတွေနဲ့ ရဲတွေက ညဘက်မှာ အိမ်တွေထဲအထိ လိုက်ဖမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ပုသိမ်၊ ဟင်္သာတနဲ့ ကျောင်းကုန်းမြို့တို့မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲတွေနဲ့ ပြည်သူ့စစ် ပျူစောထီးတွေက စစ်မှုထမ်းခိုင်းဖို့အတွက် ညဘက်မှာ အိမ်တွေအထိ လာရောက်ခေါ်နေကြတယ်လို့ သိရပါတယ်။
ပုသိမ်ဒေသခံတယောက်က “အရင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် ခေါ်တာလုပ်တာ။ အခုက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှာ မဲနှိုက်တာလုပ်ပြီး ညဘက်တွေ အိမ်တွေ ဝင်ခေါ်တာမျိုးလုပ်လာတယ်။ လူငယ်တွေ ဘယ်အချိန်ခေါ်ခံရမလဲဆို ကြောက်နေကြတယ်” လို့ DVB ကို ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်မှုထမ်းတွေကို ကွင်းကောက်တိုင်းဗဟို ၅ နဲ့ တိုင်းဗဟိုလေ့ကျင့်ရေး ၆ တို့မှာ စစ်သင်တန်းပေးနေတယ်လို့ ဧရာဝတီတိုင်းဒေသခံ တော်လှန်ရေးအဖွဲ့တွေဆီက သိရှိရပါတယ်။
သာပေါင်းမြို့မှာတော့ စစ်မှုထမ်းဦးရေ တိုးပြီးမရှာနိုင်တဲ့ ရပ်ကျေးစာရေးတွေကို နုတ်ထွက်စာတင်ခိုင်းထားတယ်လို့ သာပေါင်းမြို့နယ်အုပ်ချုပ်ရေးနဲ့ နီးစပ်သူဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်က စတင်ပြီး ဟင်္သာတမြို့ပေါ်မှာ စစ်မှုထမ်းမဲပေါက်တဲ့ လူငယ်တွေကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက နေအိမ်တွေမှာ ညပိုင်းလိုက်ဖမ်းနေတယ်လို့ ဟင်္သာတဒေသခံတွေဆီက သိရပါတယ်။
ဟင်္သတဒေသခံတယောက်က “အခု ညဘက် ရဲတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ နေအိမ်တွေဝင်ဖမ်းတာ လုပ်နေတော့ လူငယ်တွေ အိမ်တွေမှာမနေရဲဘဲ ရှောင်ပြေးတာတွေ လုပ်လာတယ်။ မဲပေါက်လို့ လာခေါ်တယ်ပြောတယ်၊ မဲ ဘယ်သူနှိုက်တာမှန်းမသိ၊ အခု ပိုက်ဆံတတ်နိုင်သူတွေကို ငွေတောင်းတယ်” လို့ DVB ကို ပြောပါတယ်။
မြို့က ရဲတွေနဲ့ တာကလေးရပ်ကွက်က အုပ်ချုပ်ရေးမှူး ချစ်မင်းထိုက်၊ ပျူစောထီး သာထွန်းအောင်၊ ကျင်စန်း စတဲ့သူတွေက မဲပေါက်တယ်ဆိုတဲ့သူတွေကို ညတိုင်းလိုက်ဖမ်းနေတယ်လို့ ဒေသခံတွေက ပြောပြီး တချို့လည်း ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။