
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နဲ့ဟိုပုံးမြို့နယ်ထွက် စတော်ဘယ်ရီသီးတွေေ အခုနှစ်မှာ စျေးကောင်းရနေတယ်လို့ စိုက်ပျိုးတောင်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က တပိဿာကို ကျပ် ၇,၀၀၀ ပဲရပြီး အခုနှစ်တော့ တပိဿာကို ကျပ် ၂ သောင်းအထိရရှိလို့ ကုန်စျေးနှုန်းမြင့်တက်တာနဲ့အတူ စျေးကောင်းရနေတယ်လို့ ပြောပါတယ်။
တောင်သူတယောက်က “ခုက စျေးတော်တော်ကောင်းတယ်။ မိုးရာသီတုန်းက စတော်ဘယ်ရီခင်း ပျက်စီးတာလည်းများတော့ ခုနှစ်အထွက်နည်းပြီး စျေးကောင်းတာလည်းပါမယ်။ ပြီးခဲ့တဲ့လဆို ပိုတောင်စျေးရတယ်။ တပိဿာ ၃ သောင်းခွဲအထိရတယ်။ ခုမှ ခူးတဲ့သူများလာတော့စျေးပြန်ကျတာ” လို့ ပြောပါတယ်။
စတော်ဘယ်ရီကို အောင်ပန်း၊ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ပွဲစားတွေက လာဝယ်ယူကြပြီး ပိဿာလိုက်ရောင်းသူများသလို ပုံးနဲ့လည်းရောင်းကြတယ်လို့ သိရပါတယ်။
ရှမ်းတောင်ဒေသမှာ စတော်ဘယ်ရီကို ဒေသထွက်အချဉ်သီး၊ ဂျပန်ချိုမွှေးသီး၊ ထိုင်ဝမ်အကျွတ်သီးဆိုပြီး သုံးမျိုးစိုက်ပျိုးကြပါတယ်။
စတော်ဘယ်ရီစျေးကောင်းရနေတာကြောင့် ဒေသတွင်းအဓိကလုပ်ကိုင်ကြတဲ့ သနပ်ဖက်ပင်တွေကို ခုတ်ထွင်ပြီး စတော်ဘယ်ရီကို အစားထိုးစိုက်ပျိုးတာလည်း များလာတယ်လို့ တောင်သူတွေဆီက သိရပါတယ်။