
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဟိုပုန်းမြို့နယ်၊ ဖယ်ခုံမြို့နယ်က ထွက်ရှိတဲ့ ဆောင်းရာသီထွက် ဘိန်းမည်းတပိဿာကို ကျပ် ၁၀ သိန်းအထိ ဈေးကောင်းရရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆောင်းရာသီဘိန်းကို ဒီဇင်ဘာလမှာ စတင်စိုက်ပျိုးတာဖြစ်ပြီး ရေသွင်းပြီး ဖျန်းပေးရကာ စိုက်ပျိုးပြီး ရက် ၆၀ အတွင်း အစေး(ဘိန်းမည်း)အဖြစ် ခြစ်ယူလို့ရပြီလို့ ပြောပါတယ်။
ဘိန်းစိုက်တောင်သူတယောက်က “ဒီနှစ် ဈေးတော်တော်ကောင်းတယ်။ မိုးတွင်းမှာထွက်တဲ့ ဘိန်းက ၇ သိန်းပဲရတာ။ ခုဆောင်းမှာ ထွက်တဲ့ ဘိန်းကျ ရေလည်းမထိတော့ လှတယ်။ ဈေးကောင်းလည်းရတယ်။ ဒီနှစ် စိုက်ပျိုးတဲ့သူလည်း များတယ်” လို့ ပြောပါတယ်။
ပင်လောင်း၊ ဟိုပုံး၊ ညောင်ရွှေမြို့နယ်မှာ ဘိန်းစိုက်ပျိုးခွင့်ရဖို့အတွက် PNO ပြည်သူ့စစ်ကို ဒေသခံ တောင်သူတွေက တဧကကို ကျပ် ၅ သိန်းနှုန်းနဲ့ တနှစ်စာ အခွန်ပေးဆောင်ရတယ်လို့ ပြောပါတယ်။
နောက် ဘိန်းစိုက်တောင်သူတယောက်ကလည်း “အခွန်က ဈေးကြီးတယ်ဆိုပေမဲ့ ပြန်ရတာ များတယ်။ ခုက လုပ်ခွင့်ရတုန်း လုပ်တာပါ။ သိန်း ၂၀ လောက်ရင်းရင် သိန်း ၂၀၀ ကျော်ပြန်ရပြီ။ မိုးရာသီထက် ဆောင်းရာသီက ဘိန်းစိုက်သူ ပိုများတယ်” လို့ ပြောပါတယ်။
အဲဒီဘိန်းတွေကို ပွဲစားတွေက အိမ်အထိ လာရောက်ဝယ်ယူကြပြီး တချို့က ထိုင်း-မြန်မာနယ်စပ် အထိ တောင်သူတွေကိုယ်တိုင် သယ်သွားကြတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) ကလည်း မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့ပြီး ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်ရပ်တည်နေသလို အဲဒီအထဲမှာ ရှမ်းပြည်နယ်ဟာ နိုင်ငံတဝန်း ဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့ ၈၈ ရာခိုင်နှုန်းနဲ့ အများဆုံး ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။