
ရှမ်းတောင်ဒေသဆီကို ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် Southern Shan Revolution Youth- SSRY တပ်ရင်းက အခုဖေဖော်ဝါရီ ၇ ရက်ကစပြီး ရဲဘော်သစ် အယောက် ၂၀၀ ကျော် ခေါ်ယူနေပါတယ်။
၂၀၂၅ ခုနှစ်ထဲမှာ တော်လှန်စစ်ကို ပီပီပြင်ပြင်အကောင်အထည်ဖော်ပြီး စစ်အာဏာရှင်နဲ့ ပြည်သူ့စစ်တွေကိုချေမှုန်းဖို့အတွက် တိုက်ရည်ခိုက်ရည်ရှိတဲ့ ရဲဘော်တွေ ခေါ်ယူတာဖြစ်တယ်လို့ တပ်ရင်း တာဝန်ရှိသူတွေဆီက သိရပါတယ်။
SSRY တပ်ရင်း တာဝန်ရှိသူက “ရှမ်းတောင်ဒေသကိုထိုးဖောက်ဖို့ ပိုပြီးမှစမတ်ကျသော တပ် ၁ တပ်ကိုဖွဲ့စည်းမှာဖြစ်တဲ့အတွက် အဲတပ်နဲ့ညီမျှသော အင်အားကိုစုစည်းဖို့ ရဲဘော်သစ်တွေခေါ်ယူတာ ဖြစ်ပါတယ်။ တိုက်ရည်ခိုက်ရည် စွမ်းရည်ပြည့်ဝနေသော ရဲဘော်တွေကို မွေးထုတ်ပေးမှာဖြစ်တဲ့အတွက် ခေါ်ယူနေတာပေါ့နော်” လို့ ပြောပါတယ်။
တပ်အင်အားဖြည့်တင်းပြီး တဆင့်ချင်းစီတိုးချဲ့ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး ပိုထိရောက်တဲ့ စစ်သင်တန်းပို့ချတာနဲ့ နည်းစနစ်တွေပံ့ပိုးသွားဖို့ရှိတယ်လို့ ဆက်ပြောပါတယ်။
ရဲဘော်အဖြစ်လျှောက်ထားသူတွေအနေနဲ့ တော်လှန်ရေးအပေါ်သစ္စာရှိပြီး အဆုံးထိ လက်တွဲသွားနိုင်သူ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ တပ်ကပေးအပ်တဲ့ အမိန့်နဲ့ တာဝန်ကို လိုက်နာနိုင်သူ၊ လက်နက်ကိုင်တော်လှန်ဖို့ စိတ်ပိုင်းဖြတ်ထားသူဖြစ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
SSRY တပ်ရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြေပြင်အခြေအနေအရ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကနေ ဆွေးနွေးတိုင်ပင်နုတ်ထွက်ခဲ့ပြီး SSPDF၊ SSLRU စတဲ့ ရှမ်းတောင်က တပ်ဖွဲ့တွေနဲ့အတူ စုဖွဲ့မှုပုံစံအသစ်နဲ့ အရွေ့တခုကိုသွားဖို့ ပြင်ဆင်တာတွေ ရှိတယ်လို့ သိရပါတယ်။
ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲက ထိတွေ့တိုက်ပွဲတွေမှာ SSRY တပ်ရင်းဟာ တော်လှန်ရေး အင်အားစုတွေနဲ့အတူ စစ်ကောင်စီတပ်ကို တော်လှန်နေတာဖြစ်ပါတယ်။