
တရုတ်နိုင်ငံသားတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းကနေ အဝေးပြေးဘတ်စ်ကားစီးပြီး ရန်ကုန်မြို့ကို အလုံးအရင်းနဲ့ဝင်ရောက်နေတယ်လို့ အဲဒီလမ်းပိုင်းမှာပုံမှန်သွားလာနေတဲ့ ခရီးသည်တချို့က ပြောပါတယ်။
မြန်မာစကားမပြောတတ်တဲ့တရုတ်တွေ အဝေးပြေးဘတ်စ်ကားနဲ့ ရန်ကုန်မြို့ကို နေ့စဥ်နီးပါး လိုက်ပါနေတာဖြစ်ပြီး စစ်ဆေးရေးဂိတ်တွေမှာ လဝကနဲ့ စရဖတွေကို လာဘ်ငွေပေးတာကြောင့် အစစ်ဆေးမဲ့ဝင်ရောက်ခွင့်ရရှိနေတာလို့ ဆိုပါတယ်။
တောင်ကြီးမြို့ကနေရန်ကုန်ကို ပုံမှန်သွားလာနေသူတယောက်က “အဝေးပြေးကားတစီးမှာ အနည်းဆုံး ဗမာစကားမတတ်တဲ့တရုတ် ၅ ယောက်ကနေ ၈ ယောက်လောက်အမြဲပါတယ်။ ကားလိုင်းတချို့ဆို အစီးရေထပ်တိုးဆွဲလာတယ်။ အခုနောက်ပိုင်းတွေ့လာရတာ။ စစ်ဆေးရေးဂိတ်မှာဆို တယောက်ကို ၅၀,၀၀၀ ပေးရတယ်လို့သိရတယ်။ အထောက်အထားရှိပြီး ဗမာစကားတတ်တဲ့သူတွေလည်း ပိုက်ဆံပေးတော့ပေးရတယ်၊ သူတို့လောက်မများဘူ” "လို့ ပြောပါတယ်။
အဲဒီတရုတ်နိုင်ငံသားတွေအနေနဲ့ ရှမ်းမြောက်ဒေသမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကနေ ရှောင်ထွက်လာသူတွေဖြစ်နိုင်တယ်လို့ အဲဒီလမ်းကြောင်းနဲ့နီးစပ်သူတချို့ကပြောပေမဲ့ သီးခြားတော့ အတည်မပြုနိုင်သေးပါဘူး။
တောင်ကြီးဒေသခံတယောက်က “မြောက်ပိုင်းကနေခိုးဝင်ပြီး ဒီကနေရန်ကုန်ကိုဆင်းတာတွေ ရှိတယ်။ အခုနောက်ပိုင်း မြန်ပြည်ဖွားမဟုတ်တဲ့တရုတ်တွေ အတော်ခြေရှုပ်နေတာ” လို့ ပြောပါတယ်။
အဝေးပြေးဘတ်စ်ကားနဲ့လိုက်ပါလာတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ယာဥ်လိုင်းနဲ့ပေါင်းပြီး လမ်းကြောင်းကြေးပေးထားတာကြောင့် အစစ်ဆေးမခံရဘဲ သာမန်ခရီးသွားပြည်သူတွေမှာတော့ တင်းကျပ်ပ်တဲ့စစ်ဆေးမေးမြန်းတာတွေခံနေရတယ်လို့ ခရီးသွားတချို့ကပြောပါတယ်။
MM