
ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်မြစ်အတွင်းမှာ ဖေဖော်ဝါရီ ၄ ရက်၊ ည ၇ နာရီခွဲလောက်က စက်လှေနဲ့ ငါးဖမ်းသင်္ဘောတိုက်မိပြီး လူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့နယ်မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကြည့်မြင်တိုင်တဖက်ကမ်း အေးရွာကနေ မကျီးတန်းမြောက်/အနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကျောက်တံတားသမ္ဗန်ဆိပ်ကို မောင်းနှင်လာတဲ့ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၅ ယောက် စုစုပေါင်းလူ ၉ ယောက်ကို တင်ဆောင်လာတဲ့ စက်လှေဟာ ငါးဖမ်းသင်္ဘောနဲ့ တိုက်မိပြီး မြစ်ထဲ တိမ်းမှောက်ခဲ့တာပါ။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ည ၈ နာရီခွဲမှာ ရှာဖွေကယ်ဆယ်ရေး ပြီးဆုံးပါတယ်။ အားလုံးက life jacket အသက်ကယ်အင်္ကျီဝတ်ထားတာ မတွေ့ပါဘူး။ အနားက စက်လှေတွေပါ ဝိုင်းရှာပေးကြပါတယ်။ အသေအပျောက်တော့ မရှိပေမဲ့ ၃ ယောက်တော့ မစိုးရိမ်ရ ဒဏ်ရာရထားတယ်”လို့ ဆိုပါတယ်။
အဆိုပါနေရာကို ကြည့်မြင်တိုင်မြို့နယ် မီးသတ်နဲ့ အရပ်ဘက် ကယ်ဆယ်ရေးစက်လှေတွေ၊ စက်လှေမောင်းသူတွေနဲ့ ရှာဖွေကယ်ဆယ်ခဲ့တာကြောင့် စက်လှေမောင်းသူ အပါအဝင် ၉ ယောက်စလုံးကို ည ၇ နာရီ မိနစ် ၄၀မှာ အသက်ရှင် ကယ်နိုင်ခဲ့ကြပါတယ်။
စက်လှေတိမ်းမှောက်မှုကြောင့် အမျိုးသမီး ၂ ယောက်နဲ့ စက်လှေမောင်းသူ အမျိုးသား တယောက်တို့မှာ ရေနစ်မွန်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသပေးထားကြပါတယ်။
၂၀၂၄ ဇူလိုင် ၁၀ ရက်ကလည်း ကြည့်မြင်တိုင် တဘက်ကမ်း ဦးမြင်-ငဇင် ကူးတို့ဆိပ်ကနေ ကြည့်မြင်တိုင် ငှက်ပျောစျေးဘက်ရှိ ဗားကရာဆိပ်ကမ်းကို စက်လှေသမား အပါ ၁၇ ယောက်နဲ့ ကူးလာခဲ့တဲ့ စက်လှေတစီးဟာ ရန်ကုန်မြစ်အလယ်မှာ တွဲသင်္ဘောနဲ့ တိုက်မိနစ်မြုပ်ခဲ့လို့ ကိုယ်ဝန်ဆောင်အပါအဝင် လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။