
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ စစ်မှုထမ်းဖို့အတွက်စာရင်းပါပြီး ပြည်ပရောက်နေတဲ့ လူငယ်တွေကို ပြန်ခေါ်ဖို့နဲ့ ပြန်မလာဘူးဆိုရင် အိမ်ကိုချိပ်ပိတ်မယ်လို့ PNO ပြည်သူ့စစ်က ခြိမ်းခြောက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့က လွယ်အွန်းကျေးရွာအုပ်စုမှာ ရွာလူကြီး၊ ကျေးရွာကော်မတီနဲ့ ရွာသားတွေကို PNO ပြည်သူ့စစ်က ရွာဘုန်းကြီးကျောင်းမှာ အစည်းအဝေးခေါ်ပြီး ပြောဆိုခဲ့တာလို့ သိရပါတယ်။
ကျေးရွာ ဒေသခံတယောက်က “အစည်းဝေးမလာလို့မရဘူး။ PNO တွေက သေနတ်နဲ့ ချိန်ပြီးတော့ ရွာလူကြီးတွေကို အစည်းအဝေးတက်ခိုင်းတာ။ တကယ်လို့ အဝေးရောက်သူတွေ မပြန်လာရင် အိမ်ချိပ်ပိတ်မယ်။ ရွာထဲကနေ ပေးမနေဘူးဆိုပြီး ပြောတယ်။ ပအိုဝ်းနယ်မှာနေရင် ကိုယ့်တာဝန်ကို ကိုယ်သိရတယ်ဆိုပြီး ပြောသွားတယ်။ ဒါပေမယ့် သူတို့လုပ်နေတာကို လူမျိုးအတွက်မှမဟုတ်တာ စစ်တပ်အတွက် သူတို့အကျိုးစီးပွားအတွက် သူတို့လုပ်နေတာ ဘယ်သူမှ သူတို့ကို မကြည်နေဘူး” လို့ ပြောပါတယ်။
အစည်းအဝေးမှာ PNO ရဲ့ မြို့နယ်မှူး၊ သူတို့ခန့်ထားတဲ့ ရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်ပြီး ခြိမ်းခြောက်ခဲ့ကြတာလို့ သိရပါတယ်။
PNO ပြည်သူ့စစ်က ပအိုဝ်းလူငယ်တွေကို ကျေးရွာလုံခြုံရေးအတွက်ဆိုပြီးစစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းပြီးနောက် တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေဆီပို့တာကြောင့် အများအပြား သေဆုံးခဲ့ပြီး အဲလိုသေရတာဟာလည်း ပအိုဝ်းလူမျိုးအတွက်မဟုတ်ဘဲ စစ်အာဏာရှင်နဲ့ PNO ပြည်သူ့စစ်ရဲ့ ဒု စစ်ဦးစီးချုပ် ၁ ဦးနေဝင်းထွန်းအတွက်ပဲဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောပါတယ်။
“ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီသေဆုံးခဲ့ပါတယ်။ အဲဒီသေဆုံးခဲ့ရတဲ့သူတွေဟာ အများစုက ကျနော်တို့လိုပဲ ပအိုဝ်းလူငယ် လူရွယ်တွေဖြစ်ပါတယ်၊ ပအိုဝ်းလူငယ် လူရွယ်တွေဟာ PNO ပြည်သူ့စစ် ဒု စစ်ဦးစီးချုပ် ခရိုနီ ဦးနေဝင်းထွန်းရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့သက်သက်နဲ့ သေဆုံးနေရတာဖြစ်ပါတယ်။ ဦးနေဝင်းထွန်းဟာ ပအိုဝ်းလူမျိုး မဟုတ်သလို ပအိုဝ်းအမျိုးသားရေးကို ဆောင်ရွက်နေသူလည်းမဟုတ်ပါဘူး။ စစ်ကောင်စီနဲ့ပေါင်းပြီး ပအိုဝ်းပြည်သူကို ဂုတ်သွေးစုပ်နေတဲ့သူ၊ ပအိုဝ်းလူမျိုးတွေကို သူ့ရဲ့အကျိုးစီးပွားနဲ့ အာဏာအတွက် သေခိုင်းနေတာဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် ခရိုနီဦးနေဝင်းထွန်းဟာ စစ်ကောင်စီနဲ့ပေါင်းပြီး ပအိုဝ်းလူမျိုးကို သေတွင်းဆီတွန်းပို့နေသူ မျိုးသုဉ်းအောင်လုပ်ဆောင်နေသူ စစ်ရာဇဝတ်သားဖြစ်ပါတယ်။ နေဝင်းထွန်းသာ သူ့အကျိုးစီးပွား အာဏာအတွက် ပအိုဝ်းတွေကိုပြန်သတ်တာတွေ၊ စစ်ကောင်စီအတွက်အသေခံခိုင်းတာတွေ မပြုလုပ်ခဲ့ရင် PNO ဟာ အခုလို အခြေအနေမျိုးထိ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့အခြေအနေမျိုး ရောက်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ နေဝင်းထွန်းဟာ အကျိုးစီးပွားအတွက်သက်သက်နဲ့ PNO ထဲကို ရောက်လာချုပ်ကိုင်သူဖြစ်ပါတယ်” လို့ DVB ကိုပြောပါတယ်။
PNO ပြည်သူ့စစ်ဟာ ၁၉၉၁ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး အခု စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာတော့ ပအိုဝ်းဒေသမှာ ဆက်ကြေးကောက်တာ၊ စစ်သားစုဆောင်းတာတို့ပြုလုပ်သလို စစ်တပ်နဲ့ပူးပေါင်းပြီးလည်း တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေပါတယ်။