
ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် လေတပ်စခန်းဌာနချုပ်က အရာရှိတချို့ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် ထွက်ပြေးသွားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ရှေ့တန်းစစ်ဆင်ရေး ထွက်ရမယ်လို့ ညွှန်ကြားချက်ကျလာတာကြောင့် ပုသိမ်မြို့အခြေစိုက် လေတပ်စခန်းဌာနချုပ်က အရာရှိတယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ဟာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ ထွက်ပြေးတာလို့ ဆိုပါတယ်။
တပ်တွင်းသတင်းရင်းမြစ်တယောက်က “တပ်အရာရှိတယောက် အပါအဝင် ၅ ယောက် ထွက်ပြေးတာမှန်တယ်။ အဓိကကတော့ စစ်မတိုက်ချင်တော့တာကြောင့် ထွက်ပြေးတာပေ့ါ။ ဒီသတင်းနဲ့ပတ်သက်လို့ လုံးဝ ထုတ်မပြောဖို့ ပိတ်ထားတယ်” လို့ ပြောပါတယ်။
အဲဒီ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ဟာ ဧရာဝတီတိုင်းက ၂ ယောက်၊ ရန်ကုန်တိုင်းက ၃ ယောက်ဖြစ်ပြီး ပုသိမ်လေတပ်စခန်းဌာနချုပ်မှာ တာဝန်ကျနေတာဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်း စစ်ဆင်ရေးပို့မယ်လို့ သတင်းရထားတာကြောင့် ထွက်ပြေးတိမ်းရှောင်သွားတာလို့ ဆိုပါတယ်။
ဇန်နဝါရီ ၃၁ ရက်နဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း ပုသိမ်မြို့နယ် ခြေလျင်တပ်ရင်း ခလရ-၁၁က အရာရှိ အပါအဝင် တပ်သား ၁၄ ယောက်၊ ရေကြည်မြို့နယ် အမှတ် ၃၄၄ အမြောက်တပ်ရင်းက တပ်ကြပ် အပါအဝင် တပ်သား ၁၂ ယောက်နဲ့ ပုသိမ်မြို့ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်က တပ်သားသစ် ၅ ယောက်ဟာ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။