Home
မြန်မာသတင်း
တောင်ပိုင်းစစ်ဒေသတိုက်ပွဲများတွင် ၆ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်သေ
DVB
·
February 18, 2025

တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၁၅၇ ယောက် သေဆုံးခဲ့ပြီး ၆ လအတွင်းမှာတော့ အယောက် ၉၀၀ ကျော် သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဖေဖော်ဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ် အထိုင်ချ စခန်းတည်ထားတဲ့ ညောင်‌လေးပင်မြို့နယ်၊ ပုဇွန်းမြောင်းကျေးရွာ၊ ဆွဲဒလကျောင်းကြီးဘုန်းကြီးကျောင်းက စစ်ကောင်စီရဲ့ ယာယီတပ်စခန်းကို တိုက်ခိုက်ခဲ့တာ အပါအဝင် စစ်ကောင်စီတပ်နဲ့ အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း ၄၅ ကြိမ်၊ စစ်ကြောင်းတွေကို မိုင်းခွဲတာ၊ တပ်စခန်းတွေကို ဒရုန်း၊ လက်နက်ကြီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်တာ ၂၆ ကြိမ်နဲ့အထက် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလအတွင်းမှာ စစ်ကောင်စီတပ်သား ၁၅၇ ယောက် သေဆုံးပြီး ၉၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ အတည်ပြုနိုင်သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဆီ အလင်းဝင်ရောက်လာသူ ၂၃ ယောက်ကိုလည်း လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်ပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြေပြင်အခြေအနေအရ မတိကျတဲ့ အချက်အလက်တွေကို ချန်ထားခဲ့လို့ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးဦးရေဟာ ဒါထက်ပိုပြီး များနိုင်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ စက်လတ် ၁ လက်၊ စနိုက်ပါ ၁ လက်၊ ၈၀ မမ ၁ လက်၊  ၆၀ မမ ၂ လက်၊  ၅၀ မမ ၁ လက်၊ လက်နက်ငယ်အစုံ ၅၂ လက်၊ ကျည်ဘောက်အစုံ ၅၁ ခု၊ ကျည်နည်းနည်းနဲ့ တခြား စစ်ဘက်အသုံးအဆောင် ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေနေထိုင်ရာ ဒေသတွေကို လေကြောင်းကနေ ၄ ကြိမ်နဲ့ အထက် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့လည်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် တလအတွင်း အပြစ်မဲ့ပြည်သူ ၁၆ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၂၂ ယောက် ရှိသလို မတရားဖမ်းဆီးခံရသူ ၂၈ ယောက်ရှိတယ်လို့ သိရကြောင်းလည်း ဆိုပါတယ်။

တိုက်ပွဲတွေကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ၊ LDF တွေ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး (NMSP AD)၊ ထားဝယ်တပ်ပေါင်းစုနဲ့ တခြားပူးပေါင်းတပ်ဖွဲ့တွေ၊ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းခဲ့တာလို့လည်း ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013