
မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှု၊ လက်မှု အလုပ်သမားအဖွဲ့ချုပ် (IWFM)ရဲ့ အမှတ်တံဆိပ်လိုဂိုကို တလွဲအသုံးချကာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့သူတွေကို တရားစွဲဆိုသွားမယ်လို့ အဲဒီ အလုပ်သမားအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၂၁ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
IWFM အဖွဲ့ချုပ် အမှတ်တံဆိပ်ကို ခိုးယူအသုံးပြုသူပြီး IWFM အမည်ခံ ဆောင်ရွက်သူတွေကို ဖော်ထုတ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရုံးမှာ တရားစွဲဆိုမယ့်အပြင် အပြည်ပြည်ဆိုင်ရာ တရားရုံးတွေမှာလည်း တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM နဲ့ IWFM တွေကနေ နုတ်ထွက်ထားတဲ့ ဦးသောင်းညွန့်၊ ဦးမျိုးမြင့်၊ ဦးစိုးမင်းလှိုင်၊ ဦးမျိုဇော်ဌေး၊ ဒေါ်မြင့်နှင်းသက် (မြနှင်းသက်)နဲ့ ဦးရဲသူရအောင်တို့ ဦးဆောင်ကာ စစ်ကောင်စီက စေခိုင်းတဲ့ အလုပ်သမားရေးရာ ဟောပြောပွဲတွေကို ဇန်နဝါရီနဲ့ ဖေဖော်ဝါရီတို့မှာ ပြုလုပ်ခဲ့တယ်လို့ IWFM ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုလို တရားစွဲမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အထက်ပါပုဂ္ဂိုလ်တွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခဲ့ခြင်း မရှိပါဘူး။
ဒါ့အပြင် ဇန်နဝါရီ ၂၂ ရက်က ရွှေလင်ပန်း စက်မှုဇုန်ကော်မတီရုံးမှာ ပြုလုပ်တဲ့ ဟောပြောပွဲ အပြီးမှာ မြန်မာနိုင်ငံ စက်မှုနှင့် ကုန်ထုတ်အလုပ်သမားများအဖွဲ့ချုပ် (I.W.F.M) ညီလာခံဆိုကာ IWFM အဖွဲ့ချုပ် Logo ကိုအသုံးပြုပြီး အဖွဲ့ခေါင်ဆောင်အမည်တွေကိုလည်း ကြေညာခဲ့တဲ့ အထောက်အထားတွေ ရရှိထားတယ်လို့လည်း ဆိုပါတယ်။
အဲဒီလိုစစ်ကောင်စီနဲ့ ပူးပေါင်းပြီး IWFM အဖွဲ့ချုပ် အမှတ်တံဆိပ်ကိုအသုံးပြုတဲ့ အဖွဲ့ချုပ် ခေါင်းဆောင် အမည်ခံသူတွေဟာ အာဏာမသိမ်းခင် ၂၀၂၀ သြဂုတ်လနဲ့ စစ်တပ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ IWFM မပါဝင်တော့တဲ့ သူတွေဖြစ်တယ်လို့လည်း အသိပေးဖော်ပြထားပါတယ်။
IWFM ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က "အဖွဲ့ချုပ်က နုတ်ထွက်ထားသူတွေက အလုပ်သမားရေးရာအဖွဲ့ ဦးဆောင်သူတွေဆိုကာ အခန်းတံခါးပိတ်ပြီး စစ်တပ်အလိုကျ စည်းရုံးလှုံ့ဆော်တာတွေ လုပ်ဆောင်ပေးနေတာ"လို့ ပြောထားပါတယ်။
IWFM အဖွဲ့ချုပ် အမှတ်တံဆိပ်ကို ခိုးယူအသုံးပြုသူတွေဖြစ်တဲ့ ဦးမျိုးမြင့်ပါ (၁၅) ဦးအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ ကျင့်သုံးကာ စစ်ကောင်စီကို အရေးယူမယ့်ကိစ္စကို တန်ပြန် ကန့်ကွက်ဖို့ ဆောင်ရွက်နေတာလို့လည်းဆိုပါတယ်။
အဲဒီလို ILOရဲ့အရေးယူမှာကို ကန့်ကွက်ကြောင်းအလုပ်သမားတွေကို ပိုစတာတွေ ကိုင်ဆောင်စေကာ ဓာတ်ပုံရိုက်မှတ်တမ်းယူခဲ့တာ အမှန်တကယ်ရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ သာဓုကန်စက်မူဇုန်မှ စက်ရုံလုပ်သားခေါင်းဆောင်တယောက်က ပြောပါတယ်။
"မျိုးဇော်ဆိုတဲ့သူလည်းပါတယ်။ တခြားသူတွေလည်းပါတယ်။ သူတို့က အဖွဲ့ချုပ်က ဘာရာထူးယူ ထားသူတွေပါဆိုပြီးလည်မိတ်ဆက်တယ်။ ILOက အရေးယူမှာကို အလုပ်သမားတွေ လက်မခံသင့်ဘူးဆိုပြီး စည်းရုံးပြောတယ်။ ပြီးတော့ဆိုင်းဘုတ်တွေကိုင်ခိုင်းပြီး မှတ်တမ်းယူသွားတယ်။ ရဲတွေက လုံခြုံရေးယူပေးထားတယ်။ အစည်းအဝေးခေါ်လို့သာ သွားလိုက်တာအလုပ်သမာတွေက သူတို့ ပြောတာတွေကိုနားမလည်ဘူး။”
စစ်ကောင်စီအတွက်ဝါဒဖြန့်စည်းရုံးလုပ်ဆောင်နေသူတွေက ILO ရဲ့အရေးယူမှာကို ကန့်ကွက်ဖို့ အတွက် IWFM အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ အလုပ်သမားတွေကို အသင့်ရေးထားတဲ့ ကန့်ကွက်စာတွေမှာ လက်မှတ်ရေးထိုးခိုင်းတာ၊ အလုပ်သမားတွေကို စာရေးသားပေးပို့ခိုင်းတာ၊ ဆန္ဒပြထုတ်ဖော်ဖို့ ခြိမ်းခြောက်၊ အကြပ်ကိုင်ပြီး ခိုင်းစေတာ ပြုလုပ်ခံရရရင် ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ IWFM အလုပ်သမားအဖွဲ့ချုပ်က ဆိုပါတယ်။