
ဒိန်းမတ်နိုင်ငံဟာ အခုနှစ်မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၉ ဘီလီယံနဲ့ ညီမျှတဲ့ ခရောင်းငွေ ၅၀ ဘီလီယံဖိုး စစ်ဘက်အသုံးစရိတ်ကို တိုးမြှင့်သွားမှာဖြစ်ပြီး အထူးသဖြင့် မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်ကာကွယ်ရေးစနစ်တွေက ချို့ယွင်းချက်တွေကို ဖြေရှင်းသွားမယ်လို့ ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောပါတယ်။
ဆယ်စုနှစ်များစွာ ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ ဖြတ်တောက်ခဲ့အပြီး ခုလို အကွက်ရွှေ့လိုက်တာပါ။
ဒိန်းမတ်ဟာ ပြီးခဲ့တဲ့နှစ်က စစ်တပ်အတွက် အပိုအနေနဲ့ ခရောင်းငွေ ၁၉၀ ဘီလီယံကို ၁၀ နှစ်တာ ကာလအတွင်း ခွဲဝေပေးခဲ့ပေမဲ့ ခုတော့ ကာကွယ်ရေးဘတ်ဂျက်တိုးဖို့ ပိုလိုအပ်နေပြီး မြန်မြန်လုပ်ရမယ်လို့ ကောက်ချက်ချထားပါတယ်။
“ကာကွယ်ရေးဦးစီးချုပ်အတွက် သတင်းစကားတခုရှိတယ်။ ဝယ်၊ ဝယ်၊ ဝယ်” ဆိုတာပဲလို့ ၀န်ကြီးချုပ် မက်တီ ဖရဒ်ဒရစ်ခ်ဆင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပုံမှန် ရှည်လျားတဲ့ တင်ဒါလုပ်ထုံးလုပ်နည်းတွေကို မလိုက်နာဘဲ ဝယ်ယူရေး ဆောင်ရွက်ပေးမယ်လို့လည်း သူက ပြောပါတယ်။
ဒိန်းမတ်ဟာ အခြား NATO အဖွဲ့ဝင်နိုင်ငံ အများစုနဲ့အတူ အခုနှစ်အတွင်း စစ်ရေးစွမ်းရည်တွေ မြှင့်တင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပိုမြင့်လာတဲ့ ဖိအားတွေကို ရင်ဆိုင်နေရပါတယ်။
ဒိန်းမတ်ဟာ သူ့စီးပွားရေးအရွယ်အစားနဲ့ နှိုင်းယှဉ်ရင် ယူကရိန်းအတွက် စစ်ရေးအကူအညီနဲ့ စစ်လက်နက်ကိရိယာတွေကို အကြီးမားဆုံး ပံ့ပိုးကူညီသူတွေထဲမှာ ပါပါတယ်။
ဒါပေမဲ့ အကူအညီတွေဟာ လက်နက်ကြီးတွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ ဝန်ထမ်းတွေ ချို့တဲ့နေတဲ့ ကိုယ်ပိုင် ကြည်းတပ် တပ်ဖွဲ့တွေကို ဆုံးရှုံးစေခဲ့ပါတယ်။
ပြည်တွင်းစစ်တပ်ကို အရွယ်အစား ချုံ့ထားတာ ကာလကြာခဲ့တာနဲ့အမျှ ဒိန်းမတ်မှာ လေကြောင်းရန်ကာကွယ်ရေးတပ် မရှိခဲ့ဘဲ ရေတပ်စွမ်းရည်တွေမှာ သိသာထင်ရှားတဲ့ ချို့ယွင်းချက်တွေ ရှိနေတယ်လို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အစိုးရအရာရှိတွေက ပြောခဲ့ပါတယ်။
Source : Reuters