အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဒိန်းမတ်ပိုင်နက်ဖြစ်တဲ့ တပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂရင်းလန်းကို အပြည့်အဝ ထိန်းချုပ်လိုက်ဖို့ အသစ်တဖန် စိတ်ဝင်စားလာပြီးနောက်မှာ ဒိန်းမတ်နိုင်ငံဟာ အာတိတ်ဒေသရှိ သူ့ရဲ့ စစ်အင်အား တိုးမြှင့်ရေးအတွက် ဒိန်းမတ်သုံး ခရောင်းငွေ ၁၄ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၀၅ ဘီလီယံ) သုံးစွဲမယ်လို့ ဇန်နဝါရီ ၂၇ ရက်က ပြောပါတယ်။
ကျယ်ပြန့်တဲ့ နိုင်ငံရေးသဘောတူညီချက်မှာ အာတိတ်ရေတပ် သင်္ဘောသစ် ၃ စင်း၊ တာဝေးပစ်ဒရုန်း ၂ စင်းနဲ့ ပိုမိုကောင်းမွန်တဲ့ စောင့်ကြည့်ထောက်လှမ်းမှုတွေအတွက် ဂြိုဟ်တုတွေကို ရန်ပုံငွေထောက်ပံ့ခြင်း ပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီး ထိုးလ်စ် လွန့်ဒ် ပိုးလ်ဆန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကာကွယ်ရေးအသုံးစရိတ်ကို ဆယ်စုနှစ်တခုကျော်ကြာ သိသိသာသာ ဖြတ်တောက်ခဲ့ပြီးနောက်မှာ မနှစ်ကတော့ ဒိန်းမတ်အစိုးရဟာ ၁၀ နှစ်တာကာလအတွင်း သူ့စစ်တပ်အတွက် ဒိန်းမတ်သုံး ခရောင်းငွေ ၁၉၀ ဘီလီယံ (ဒေါ်လာ ၂၆ ဘီလီယံ) ကို ခွဲဝေပေးခဲ့ပြီး အဲဒီထဲက ပမာဏတချို့က အာတိတ်အတွက်ဖြစ်မယ်လို့ ဆိုပါတယ်။
တနင်္လာနေ့က တင်ပြခဲ့တဲ့ သဘောတူညီချက်မှာ အဲဒီဘတ်ဂျက်ထဲက တစိတ်တပိုင်းကို အာတိတ်ဒေသအတွက် ဖယ်ထားလိုက်ပါတယ်။
နိုင်ငံရေးပါတီတွေဟာ အခုနှစ်နှောင်းပိုင်းမှာ အာတိတ်စစ်တပ်အတွက် ရန်ပုံငွေ ထပ်မံညှိနှိုင်းဖို့ သဘောတူညီခဲ့ကြပါတယ်။
Source : Reuters