
ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာမှာရှိတဲ့ KTV မှာအလုပ်သွားလုပ်နေတဲ့ ထိုင်းနိုင်ငံသူ ၂ ယောက်နဲ့ လာအိုနိုင်ငံသူ အမျိုးသမီး ၃ ယောက်တို့ကို ဖေဖော်ဝါရီ ၁၈ ရက် မနက်အစောပိုင်းက ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်လာစဉ် အဖမ်းခံခဲ့ရကြောင်း ထိုင်းအာဏာပိုင်တွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ကျောက်ခက်ကျေးရွာက KTV မှာအလုပ်သွားလုပ်နေရာက အဖမ်းအဆီးတွေများလို့ ထိုင်းနိုင်ငံ ဖွယ်ဖရမြို့နယ် ဘန်ချုံခန်းကျေးရွာကို သောင်းရင်းမြစ်ကနေ တရားမဝင် ဖြတ်ကူး ဝင်ရောက်လာစဉ် ထိုင်းစစ်တပ်လှည့်ကင်းနဲ့တိုးပြီး ဖမ်းဆီးခံရတာပါ။
ကျောက်ခက်ကျေးရွာမှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးတာတွေရှိလို့ သူတို့အလုပ်လုပ်နေတဲ့ KTV ဆိုင်တွေကနေ ပြန်သွားကြတာ။ တရားမဝင်လမ်းကြောင်းကနေ ထိုင်းဘက်အခြမ်းကို ပြန်ကူးလို့ ထိုင်းစစ်တပ်လှည့်ကင်းနဲ့တိုးပြီး အဖမ်းခံလိုက်ရတာလို့ ထိုင်းသတင်းတွေမှာ ရေးသားထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာမှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းနေတာဖြစ်ပြီး စားသောက်ဆိုင်၊ KTV ဆိုင်တွေနဲ့ အလှပြင်ဆိုင်တွေမှာ နေထိုင်လုပ်ကိုင်သူတွေပါ ထိုင်းနိုင်ငံဘက်ကို သွားရောက်သူတွေများပြားနေပြီး ဖမ်းဆီးခံရသူတွေ အများအပြားရှိနေတယ်လို့ ထိုင်းအာဏာပိုင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။