
ဂါဇာ ပြန်လည်တည်ဆောက်ရေး အစီအစဉ်တခုကို အီဂျစ်က ရေးဆွဲနေပြီး အစီအစဉ်ထဲမှာ ပါလက်စတိုင်းတွေကို ဂါဇာကနေ မထွက်ခွါစေဘဲ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ဖို့ ရည်ရွယ်ထား ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဂါဇာမှာ လူဦးရေလျှော့ချဖို့ အဆိုပြုထားပြီး အမေရိကန်က တာဝန်ယူမယ်လို့ ပြောဆိုထားတဲ့အပေါ် အီဂျစ်က တန်ပြန်စီစဉ်ခဲ့တာပါ။
အီဂျစ်အစိုးရပိုင် သတင်းစာ အယ်အာရမ်ရဲ့ ဖော်ပြချက်အရ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေကို အန္တရာယ်ကင်းတဲ့ နေရာတွေမှာ အစောပိုင်း ထားရှိမယ်လို့ ပါရှိပါတယ်။
ဂါဇာကမ်းမြောင်ကို ပြန်လည်တည်ဆောက်မှုတွေ ပြုလုပ်နေချိန်မှာ ပါလက်စတိုင်းတွေကို အန္တရာယ်ကင်းတဲ့ နေရာမှာ ထားရှိမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဂါဇာပြန်လည်တည်ထောင်ရေးနဲ့ ပတ်သက်ပြီး ဥရောပ၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီးတို့နဲ့ ဆွေးနွေးမှုတွေ ပြလုပ်နေတယ်လို့ အီဂျစ်က တရားဝင် ထုတ်ပြန်ထားပါတယ်။
အဲဒီဆွေးနွေးမှုမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအတွက် ငွေကြေးရရှိရေး နည်းလမ်းတွေပါ ထည့်သွင်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဆွေးနွေးမှုတွေက လက်ရှိ ပြုလုပ်နေဆဲဖြစ်လို့ ဆွေးနွေးသူတွေရဲ့ အမည်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း ၂ သန်းကို ထရမ့်ပ်က ဖယ်ရှားဖို့ လိုအပ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့အပြီးမှာ ဒီလို အဆိုပြုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ထရမ့်ပ်က ဂါဇာကို ပါလက်စတိုင်းတွေ ဘယ်တော့မှ ပြန်မလာဘဲ အဲဒီဒေသကို အရှေ့အလယ်ပိုင်းရဲ့ အပန်းဖြေဒေသအဖြစ် အမေရိကန်က တာဝန်ယူပြီး ပြန်လည်တည်ဆောက်မယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
ဂါဇာ ပြန်လည်တည်ဆောက်ရေးနဲ့ပတ်သက်ပြီး ဟားမတ်စ်တွေကလည်း အာဏာစွန့်လွှတ်ဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုထားပါတယ်။
ဟားမတ်စ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဒူလ်က ဂါဇာဒေါသမှာ ဟားမတ်စ်အဖွဲ့မပါဘဲ တခြားပါလက်စတိုင်းအဖွဲ့တွေ စီမံတာကို လက်ခံတယ်လို့ ပြောပါတယ်။
နောက်လမှာ အာရပ်ထိပ်သီးအစည်းအဝေးပွဲရှိပြီး အီဂျစ်၊ ဆော်ဒီ၊ ကာတာ၊ ယူအေအီးနဲ့ ဂျော်ဒန်တို့က အီဂျစ်ရဲ့ အဆိုပြုချက်ကို ဒီတပတ်အတွင်း ဆွေးနွေးမှာဖြစ်ပါတယ်။
စစ်ပွဲကြောင့် ဂါဇာဒေသမှာ လမ်းတွေ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ပြီး ကျန်းမာရေး အဆောက်အအုံတွေလည်း ၈၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ပါတယ်။
လူနေအဆောက်အအုံတွေက ၁၆ ဘီလီယံအထိ ပျက်စီးသွားပြီး အခြေခံအဆောက်အအုံ ပျက်စီးမှု တန်ဖိုးကလည်း ဒေါ် လာ ၃၀ ဘီလီယံအထိ ရှိပါတယ်။
Source : Reuters