Home
နိုင်ငံတကာ
အီလွန်မတ်စ်ခ်၏ Neuralink ကုမ္ပဏီကို စိစစ်နေသည့် FDA ဝန်ထမ်းများ အလုပ်ထုတ်ခံရ
DVB
·
February 18, 2025
Photo : Reuters

အီလွန်မတ်စ်ခ်ရဲ့ ဦးနှောက်ချစ်ပြားကုမ္ပဏီ Neuralink ကို စိစစ်နေတဲ့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး (FDA) က ဝန်ထမ်းတွေဟာ မတ်စ်ခ် ဦးစီးတဲ့ အစိုးရအကျိုးထိရောက်မှုဌာန (DOGE) က ဖယ်ရှားလိုက်တဲ့ ဖယ်ဒရယ်အစိုးရဝန်ထမ်းစာရင်းမှာ ပါဝင်သွားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

FDA ရဲ့ အာရုံကြောနဲ့ ကိုယ်ကာယ ဆေးဘက်ဆိုင်ရာကိရိယာ စိစစ်တဲ့ ရုံးဌာနခွဲက ဝန်ထမ်း အယောက် ၂၀ အထုတ်ခံရပြီး ဒီအထဲမှာ Neuralink ကုမ္ပဏီကို စိစစ်ရသူ အများအပြား ပါဝင်တယ်လို့ သတင်းရင်းမြစ်နှစ်ယောက်က ပြောပါတယ်။

အဲဒီရုံးဌာနခွဲမှာ ဦးနှောက်ကွန်ပျူတာပေါင်းကူးကိရိယာ  (brain-computer interface devices) တွေ ထုတ်လုပ်တဲ့ မတ်စ်ခ်ရဲ့ Neuralink နဲ့ တခြားကုမ္ပဏီတွေရဲ့ ဓာတ်ခွဲစမ်းသပ်မှုတွေကို ကြီးကြပ်ရသူတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ Neuralinks ရဲ့ လျှောက်ထားမှုတွေနဲ့ပတ်သက်ပြီး လုပ်ကိုင်ရတာကြောင့် အထူးတလည် ပစ်မှတ်ထား ထုတ်ပယ်တယ်လို့တော့ မယုံကြည်ဘူးလို့ အဆိုပါ သတင်းရင်းမြစ်နှစ်ယောက်က ပြောပါတယ်။

အခုလို ဝန်ထမ်း ၂၀ လောက် ဖြုတ်လိုက်တဲ့အတွက် Neuralink အပါအဝင် ကုမ္ပဏီတွေရဲ့ လျှောက်ထားမှုတွေကို မြန်မြန်ဆန်ဆန်စိစစ်ဖို့ အခက်အခဲရှိသွားနိုင်တယ်လို့ သတင်းရင်းမြစ်တွေနဲ့ ပြင်ပက ပညာရှင်တွေက သုံးသပ်ပါတယ်။

လူသားဦးနှောက်ထဲ ချစ်ပ်ပြားထည့် စမ်းသပ်မှုကို စိစစ်ရတဲ့ ရုံးဌာနမှာ ယာယီညွှန်ကြားရေးမှူး လုပ်ခဲ့တဲ့  ဗစ်တာခရောက်သမ်မာက ဒါဟာ Neuralink စမ်းသပ်မှုတွေကို ကြီးကြပ်စိစစ်နေတဲ့ FDA ပညာရှင်တွေကို ခြောက်လိုက်တာလို့ သုံးသပ်ပါတယ်။

စမ်းသပ်မှုတွေမှာ ပါဝင်တဲ့လူတွေကို ကာကွယ်ပေးဖို့နဲ့ စမ်းသပ်မှုတခုလုံးနဲ့ ပတ်သက်ပြီး စိုးရိမ်သင့်တယ်လို့ သုံးသပ်ပါတယ်။

Neuralink ဟာ မသန်စွမ်းတဲ့သူတွေ အတွေးနဲ့တင် ဒစ်ဂျစ်တယ်ကိရိယာတွေကို အသုံးပြုနိုင်အောင် စမ်းသပ်နေတာ ဖြစ်ပါတယ်။ အမြင်အာရုံ ပြန်လည်ရရှိရေး စက်ထည့်တဲ့ စမ်းသပ်မှုလည်း လုပ်နေတာ ဖြစ်ပါတယ်။

မတ်စ်ခ်ရဲ့  Tesla နဲ့ SpaceX ကုမ္ပဏီတွေရဲ့ စည်းမျဉ်းစည်းကမ်းပိုင်းကို ကြီးကြပ်ရတဲ့ အစိုးရအေဂျင်စီတွေ အပါအဝင် ပြည်ထောင်စုအစိုးရဌာနတွေ အင်အားလျှော့ချရေး၊ ပြုပြင်ပြောင်းလဲရေးကို မတ်စ်ခ်ရဲ့ DOGE ဌာနက ဦးဆောင်နေတာဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013