Home
ဆောင်းပါး
အပုပ်ကောင်စစ်တပ်ကို ငုပ်ကောင်မှတ်လို့ ထိုးကြေးအပ်နေသူများ
DVB
·
February 16, 2025
Design-DVB

အလွန်လျင်မြန်တဲ့နှုန်းနဲ့ အတွင်းကော အပြင်ကော လှိုက်စားပြိုကျလာနေတဲ့ တိုက်တိုင်းရှုံး စစ်ဓားပြ သူခိုးတပ်ကို တချိန်ချိန် ပြန်နိုင်လာလိမ့်နိုးနိုးနဲ့ ဘုရားတ မျက်စိမှိတ်ထောက်ခံနေကြတဲ့ စစ်အခွင့်ထူးခံ အသိုင်းအဝိုင်းနဲ့ လက်ပါးစေ စစ်လော်ဘီတွေရဲ့ဖြစ်အင်ဟာ ၆ ကောင်ဂျင်ဝိုင်းမှာ ငုပ်ကောင်ကို ပေါ်လာလိမ့်နိုးနိုးနဲ့ ရှိသမျှပိုက်ဆံကုန်တဲ့အထိ မိုက်မဲစွာ လိုက်ထိုးနေတဲ့ လောင်းကစားထိုးသူထက် ပိုမိုအသိတုံး ဉာဏ်တုံးတဲ့ ဗာလာနံ လူမိုက်တွေပမာလို့ ပြောရမှာ ဖြစ်ပါတယ်။

ဘာကြောင့်လို့လဲဆိုတော့ တိရစ္ဆာန်ရုပ်ပုံ ၆ ရုပ်ပါတဲ့ အံစာတုံး ၃ တုံးကို ပစ်ကစားရတဲ့ ခြောက်ကောင်ဂျင်ဝိုင်းမှာ ပေါ်မလာတာကြာ‌နေတဲ့ ငုပ်ကောင်ကို မျှော်ကိုးပြီး အရဲစွန့် လိုက်ထိုးရတဲ့ လောင်းကစားသမားအတွက် ငုပ်ကောင်တကောင် ပြန်ပေါ်လာနိုင်တဲ့ ဖြစ်တန်ခြေကို သင်္ချာနည်းနဲ့တွက်ကြည့်ရင် ၃/၁၈ = ၀.၁၆၆၆၆၆၆၆၆၇ သာရှိတာ တွေ့ရမှာဖြစ်ပါတယ်။

အရပ်ခေါ် “ဂလုံး ဂလုံး” ဂုံးဂင်းလို့လည်းခေါ်ကြပြီး အံစာတုံး ၃ တုံးစလုံးရဲ့ မျက်နှာပြင် ၆ ဖက်ပေါ်မှာ ရေသတ္တဝါသုံးကောင် ပုဇွန်၊ လိပ်၊ ငါးရုပ်နဲ့ ကုန်းသတ္တဝါသုံးကောင် ကြက်၊ ဆင်၊ ကျား အရုပ်တွေ ကပ်ထားပြီး ဒိုင်က ပစ်ကစားရတဲ့ လောင်းကစားဝိုင်းမှာ အရုပ်တရုပ်ပေါ်လာဖို့ ဖြစ်တန်စွမ်းက ၀.၁၆၆၆၆၆၆၆၆၇ သာရှိပေမဲ့ ထိုးသားတွေကို တကောင်ထွက်ရင် တဆလျော်၊ နှစ်ကောင်ထွက်ရင်တော့ နှစ်ဆ၊ သုံးကောင်စလုံးထွက်ရင်တော့ ၅ ဆ ရမယ်ဆိုတဲ့ မက်လုံးနဲ့ မြှူဆွယ်ထားတာပါ။

ထိုးတဲ့အကောင် ပေါ်လာဖို့ ဖြစ်တန်ခြေ အလွန်နည်းပေမဲ့ အဆများများလိုချင်တဲ့ လောဘ၊ ဖြတ်လမ်းနည်းနဲ့ ချမ်းသာချင်တဲ့ လောဘကြောင့် မသိမှု မောဟဖုံးလွှမ်းခံရပြီး ငုပ်ကောင်နောက်လိုက်ကြရင်း လောင်းကစားသမားတွေရဲ့ဘဝကို ဖျက်ဆီးတော့တာပါပဲ။

အဲဒီလိုပါပဲ၊ ခေတ်ကုန်လို့ နေဝင်သွားပြီဖြစ်တဲ့ စစ်အာဏာရှင်စနစ်ရဲ့ ပြန်လည်ရှင်သန်လာနိုင်တဲ့ ဖြစ်တန်ခြေဟာ ၆ ကောင်ဂျင်ဝိုင်းမှာ ငုပ်ကောင်ပြန်ပေါ်လာဖို့ ဖြစ်တန်ခြေထက် နည်းပါးတဲ့ ၀.၀၀၀၀၀၀၀၀ သုညသာပဲ ရှိတယ်ဆိုတာ အခွင့်ထူးခံ အသိုင်းအဝိုင်းနဲ့ လက်ပါးစေ စစ်လော်ဘီတွေ၊ အကျင့်ပျက်ခြစား Non CDM တွေဟာ မသိနိုင်၊ မတွေးနိုင်ကြတော့ပါဘူး။

ဒီလို ဘာ့ကြောင့်ဖြစ်ရတာလဲဆိုရင် အခုချိန် အရေး‌နိမ့်နေပေမဲ့ မကြာခင် တချိန်ချိန်မှာ စစ်တပ်ဘက် ပြန်လည်အသာစီးရပြီး အရင်လို ကောင်းစားကြဦးမယ်လို့ မှားယွင်းစွာ မျှော်လင့်မိတဲ့လောဘ၊ ပြည်သူလူထု ဦးခေါင်းထက်၊ ဥပဒေအထက်မှာနေပြီး မတရားသဖြင့် ချမ်းသာကြီးပွားလိုတဲ့ မတော်လောဘတွေကြောင့် မသိမှု မောဟအမှောင်တိုက်ကြီး ဖုံးအုပ်ခံနေကြရတာ ဖြစ်ပါတယ်။

အကုသိုလ်တရား ၃ ပါးထဲမှာပါတဲ့ မောဟဟာ ကျန်တဲ့အကုသိုလ်တရားနှစ်ပါးဖြစ်တဲ့ လောဘနဲ့ ဒေါသထက် ပိုဆိုးဝါးပြီး ကြောက်စရာကောင်းလှပါတယ်။ “မောဟ” ဆိုတာကတော့ မသိမှုအဝိဇ္ဇာ၊ တွေဝေခြင်း (မသိတတ်ခြင်း) အာရုံရဲ့သဘောမှန်ကို မသိခြင်း၊ ဖုံးကွယ်ခြင်းသဘော၊ အမှန်အမှား မခွဲခြားနိုင်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။

မောဟ ၃ မျိုး ရှိပါတယ်။

၁။ အပ္ပဋိ ပတ္တိ မောဟ - အမှား အမှန် မခွဲခြားတတ်တာ၊ ဘယ်ဟာမှားလို့ ဘယ်ဟာမှန်မှန်း မသိတာ။

၂။ ဝိပ္ပဋိ ပတ္တိ မောဟ - အမှန်ကို အမှားလို့မြင်၊ အမှားကို အမှန်လို့မြင်တာ အမြင်လွဲတာ။

၃။ မိစ္ဆာ ပဋိပတ္တိ မောဟ - မှန်တာ မှားတာတွေ လုပ်မနေနဲ့ ကိုယ့်အတွက် ကိုယ့်လူတွေအတွက် အကျိုးရှိရင် အမှန်၊ အကျိုးမရှိရင် အမှားလို့မြင်တာ။

ဒါကြောင့်မို့ စစ်သူခိုးဓားပြတွေနဲ့ အမှုတွဲ လက်ပါးစေ စစ်လော်ဘီတွေ၊ Non CDM တွေကို လေ့လာလိုက်ရင် အမှားအမှန် မခွဲခြားတတ်တာ၊ အမှန်ကို အမှားလို့မြင်၊ အမှားကို အမှန်လို့ ထင်နေကြတာနဲ့ ကိုယ်နဲ့ ကိုယ့်မိသားစု အသိုင်းအဝိုင်းတွေအတွက် အကျိုးရှိရင် အမှန်၊ အကျိုးမရှိရင် အမှားလို့ မြင်နေကြတာကို အတိုင်းသားတွေ့ရပါတယ်။

အထူးသဖြင့် စစ်အကြမ်းဖက် အာဏာလုဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ သမ္မတရူး၊ ဥစ္စာရူး၊ ယတြာရူး မင်းအောင်လှိုင် ဆီမှာ မောဟ ၃ မျိုး ထင်ထင်ရှားရှား တွေ့ရပါတယ်။ “မောဟ” နဲ့ သေတဲ့သူ ရောက်ရမယ့် လားရာဂတိကတော့ အပယ် ၄ ဘုံထဲက တိရစ္ဆာန်ဘုံသာ ဖြစ်ပါတယ်။ မောဟရဲ့ လှည့်စားနိုင်တဲ့ အစွမ်းသတ္တိတခုက “အကုသိုလ်” ကို “ကုသိုလ်” လို့မြင်ပြီး “ကုသိုလ်” ကို “အကုသိုလ်” လို့ မြင်‌နေကြခြင်းပါပဲ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အာဏာရူး မင်းအောင်လှိုင်ရော၊ လက်ပါးစေ စစ်ရာဇဝတ်မှုကြံရာပါ စစ်တပ်ထောက်ခံသူတွေဟာ ပြန်လည်ရှင်သန်ဖို့ ဖြစ်တန်ခြေ လုံးလုံးမရှိတော့တဲ့ မဖြိုခင်က ပြိုနေတဲ့ အပုပ်ကောင်စစ်တပ်ကို ၆ ကောင်ဂျင်ဝိုင်းမှာ ငုပ်ကောင်မှတ်လို့ ထိုးကြေးအပ်နေတဲ့ လောင်းကစားသမားတွေထက် ပိုပြီး အသိဉာဏ်နုံနည်းပြီး မိုက်လုံးကြီးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဘာကြောင့်လို့လဲဆိုတော့ အံစာတုံး ဂျင်လောင်းကစားသမားကမှ ဖြစ်တန်ခြေ ၁၈ ပုံမှာ ၃ ပုံ = ၀.၁၆၆၆၆၆၆၆၆၇ ရှိတဲ့ ငုပ်ကောင်ပြန်ပေါ်လို့ အနိုင်ရနိုင်ခြေ ရှိပါသေးတယ်။ ယတြာရူး မင်းအောင်လှိုင်နဲ့ စစ်‌တပ်ထောက်ခံသူတွေအတွက်တော့ ပြည်သူက ကျောခိုင်းခြင်းခံရတဲ့အပြင် စစ်ဝိညာဉ်ပျောက်ဆုံးသွားတဲ့ တပ်မတော်အမည်ခံ လက်နက်ကိုင် ဓားပြဂိုဏ်း ပြန်လည်ရှင်သန် ရပ်တည်နိုင်ဖို့ ဖြစ်တန်ခြေဟာ သုညပဲဆိုတာ မမြင်နိုင်၊ မယုံကြည်နိုင်အောင် သူတို့ရဲ့ မိစ္ဆာ ပဋိပတ္တိ မောဟက ပိတ်ဖုံးခြင်းခံနေရတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း စစ်ဓားပြခေါင်း‌ဆောင် မင်းအောင်လှိုင်ဟာ စိုးမိုးနယ်မြေ ၄ ပုံ ၃ ပုံ နီးပါးကို လက်လွှတ်ခဲ့ရတဲ့အပြင် စစ်တိုင်းဌာနချုပ်ကြီး ၂ ခု အသိမ်းခံရလို့ အင်အားပြုန်းတီးမှု သိန်းဂဏန်း ရှိလာပေမဲ့ သူတို့ စစ်ရှုံးတာ၊ ပြည်သူအများစုက လက်မခံတော့တဲ့ အဖြစ်ကို အခုထိ မယုံကြည်နိုင်၊ လက်မခံနိုင်ကြသေးဘူး မဟုတ်လား။

ရေနစ်သူတယောက်ဟာ ကောက်ရိုးမျှင်တမျှင်တွေ့လည်း ဆွဲယူတတ်သလို သူတို့ အားကိုးအားထားရာ တရုတ်ကွန်မြူနစ်ပျက် အစိုးရနဲ့ ရုရှား စစ်အာဏာရှင်အစိုးရ အကူအညီနဲ့ မြန်မာစစ်အာဏာရှင်စနစ်ဟာ ရှင်သန်ခွင့်ရနိုင်သေးတယ်လို့ မှားယွင်းတဲ့ မောဟအမြင်ကြောင့်ပဲ ပြည်သူအပေါ် အခြေမခံတဲ့ အမြင် အတွေး လုပ်ရပ်တွေနဲ့ အမှားပေါ် အမှားဆင့်လာရင်း အကြွင်းမဲ့ ပြိုကျပျက်စီး နိဂုံးသတ်ကြရမှာ မလွဲဧကန် ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024