
ပြည်တွင်း စစ်ရေးပဋိပက္ခတွေရဲ့ နောက်ဆက်တွဲကြောင့် ရပ်တည်ဖို့ ခက်ခဲနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က မသန်စွမ်းအများစုဟာ နီးစပ်ရာဆွေမျိုး မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ရှင်သန် ရပ်တည်နေကြရပါတယ်။
လားရှိုးမြို့က ပြည်သူတွေဟာ စစ်ရေးပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအနေနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အလုပ်အကိုင်ရှားပါးမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အဲ့ဒီထဲမှာ ပိုပြီးရပ်တည်ဖို့ ခက်ခဲနေတာက မသန်စွမ်းတွေဖြစ်နေပြီး သီးသန့်ကူညီပေးတဲ့ အဖွဲ့အစည်းတွေလည်း မရှိတာကြောင့် နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေနားမှာ အကူညီတောင်းခံရတဲ့ အခြေအနေတွေ ဖြစ်နေလို့ ကိုယ်တွေ့ခံစားနေရသူတွေက ပြောပါတယ်။
စစ်တပ်က အာဏာမသိမ်းမီ စစ်မဖြစ်မီအချိန်က လားရှိုးမြို့မှာရှိတဲ့ အလုပ်လုပ်နိုင်တဲ့ မသန်စွမ်းတွေဟာ ကာယ၊ ဉာဏနဲ့ လက်မှု၊ စက်မှုအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။
၂၀၂၄ အတွင်း ဖြစ်ပွားခဲ့တဲ့ လားရှိုးသိမ်းတိုက်ပွဲအတွင်း နေရပ်စွန့်ခွာရသူတွေအထဲမှာ မသန်စွမ်းပြည်သူတွေလည်း ပါပါတယ်။
မသန်စွမ်းတွေဟာ အသက်ဘေးလွတ်ရာကို တိမ်းရှောင်ရင်း နီးစပ်ရာ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံရတာတွေ ရှိပါတယ်။ များသောအားဖြင့် စစ်ဘေးရှောင် မသန်စွမ်းတွေကို သီးခြားကူညီပေးတဲ့ အဖွဲ့တွေ မရှိဘူးလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။ ဒါ့ကြောင့် မသန်စွမ်းတွေကို ဂရုစိုက်ပေးစေချင်တယ်လို့လည်း ဆိုပါတယ်။
၂၀၁၄ စာရင်းအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၄ ဒသမ ၆ ရာခိုင်နှုန်း ၂ ဒသမ ၃ သန်းဟာ မသန်စွမ်းသူများ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ခုခံတွန်းလှန်စစ်ပွဲတွေရဲ့ နောက်ဆက်တွဲ မြေမြှုပ်မိုင်း၊ စစ်လက်ကျန်ပစ္စည်းနဲ့ တခြားသော ထိခိုက်မှုတွေကြောင့် မသန်စွမ်းဦးရေဟာ နေ့စဉ် တိုးများလာတယ်လို့ အရပ်ဘက်အဖွဲ့အစည်းအသီးသီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။