
အမေရိကန်ဒုသမ္မတ ဒီဂျေဗန့်က ဥရောပကို ခြိမ်းခြောက်နေတာက ရုရှားနဲ့ တရုတ်မဟုတ်ဘဲ အခြေခံတန်ဖိုးတွေ ဆုံးရှုံးနေမှုသာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
မြူးနစ်လုံခြုံရေးဆွေးနွေးပွဲမှာ ဒီဂျေဗန့်က ဥရောပရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ ဒီမိုကရေစီ တန်ဖိုး တွေ ကန့်သတ်ခံရမှာကို စိုးရိမ်တယ်လို့ ပြောခဲ့တာပါ။
မြူးနစ်လုံခြုံရေးဆွေးနွေးပွဲကို နှစ်စဉ်ကမ္ဘာ့ခေါင်းဆောင်တွေ၊ စစ်တပ်အကြီးအကဲတွေ၊ သံတမန် တွေ တက်ရောက်ဆွေးနွေးလေ့ရှိပြီး ဖေဖော်ဝါရီ ၁၄ ရက်က ဂျာမနီမှာ စတင်ပြုလုပ်ခဲ့ပါတယ်။
“ကျတော် စိတ်ပူတဲ့အချက်က ရုရှား၊ တရုတ်တို့ မဟုတ်ပါဘူး။ အပြင်က သက်ရောက်မှု မဟုတ်ဘဲ ဥရောပအတွင်းကပဲ ဖြစ်လာမှာကိုပါ။ ဥရောပရဲ့ အခြေခံကျတဲ့ တန်ဖိုးတွေ တဖြည်းဖြည်း နည်းပါးလာပါတယ်။ အမေရိကန်နဲ့ ဥရောပ ဒီတန်ဖိုးတွေကို အပြန်အလှန် လဲလှယ်ရမှာပါ”လို့ ဒီဂျေဗန့်က ပြောပါတယ်။
မြူးနစ်လုံခြုံရေးဆွေးနွေးပွဲမှာ ယူကရိန်းအရေး ငြိမ်းချမ်းမှုရဖို့ အမေရိကန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်လာနိုင်တယ်ဆိုတာမျိုး ပြောဆိုခြင်းထက် ဗန့်က လွတ်လပ်စွာ ပြောဆိုခွင့်တွေ လျော့ကျလာတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဥရောပအစိုးရတွေကလည်း အတိုက်အခံတွေရဲ့ ဝေဖန်မှုတွေကို ပိုပြီး လက်ခံဖို့ လိုတယ်လို့ ဗန့်က ပြောပါတယ်။
“ကျတော်တို့ရဲ့ နိုင်ငံသားတွေကို သူတို့ စိတ်ထဲမှာရှိတာတွေကို ပြောခွင့်ပြုမယ်ဆိုရင် ပိုပြီး သန်မာလာမယ်လို့ ထင်ပါတယ်။ ဒါက ကျတော်တို့ကို မြူးနစ်ညီလာခံကို ပြန်ပြီး လာရောက် စေတာပါ။ ဒီမြူးနစ် ညီလာခံကို ကျင်းပတဲ့သူတွေက ပေါ်ပြူလာဖြစ်နေတဲ့ လက်ဝဲ၊ လက်ယာ ပါတီ တွေရဲ့ ကိုယ်စားလှယ် တွေကို တားမြစ်ပိတ်ပင်မှုတွေ ပြုလုပ်ထားပါတယ်” လို့ ဗန့်က ပြောပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ပူတင်နဲ့ ဖုန်းပြောမှုအပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ဆွေးနွေးမှု စတင်မယ်လို့ ကြေညာချက်က မဟာမိတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
ဒီဆွေးနွေးပွဲဟာ ၁ ပတ်ကြာမြင့်မှာဖြစ်ပြီး ယူကရိန်းအရေးက ဆွေးနွေးပွဲရဲ အဓိက အကြောင်းအရာ ဖြစ်လာ ဖွယ်ရှိပါတယ်။
Source-Reuters