Home
မြန်မာသတင်း
ကရင်နီ IEC က အုပ်ချုပ်ရေးအဖွဲ့များ  ဖွဲ့စည်း၊ အနည်းဆုံး အမျိုးသမီး ၁ ဦး မဖြစ်မနေ ပါဝင်ရမည်
DVB
·
February 14, 2025

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကရင်နီပြည်နယ်မှာ လွိုင်ကော်မြို့နယ်က လွဲပြီး ကျန်မြို့နယ် ၁၆ ခုမှာ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားရာမှာ အမျိုးသမီးတယောက် မဖြစ်မနေ အနည်းဆုံးပါဝင်ဖို့ သတ်မှတ်ထားတယ်လို့ IEC အထွေထွေအတွင်းရေးမှူးက DVB ကို ပြောပါတယ်။

ကရင်နီပြည်နယ်မှာ လွိုင်ကော်မြို့နယ်ကလွဲပြီး ကျန် မြို့နယ် ၁၆ ခုမှာ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မြို့နယ် အုပ်ချုပ်ရေး၊ ဒေသန္တရ အုပ်ချုပ်ရေးတွေကို ဖွဲ့စည်းတဲ့အခါ ရှိရင်းစွဲ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေရဲ့ အုပ်ချုပ်ရေးဖွဲ့စည်းပုံတွေနဲ့ ညှိနှိုင်းပြီးမှ ဖွဲ့စည်းရမယ် ဆိုတဲ့ ကရင်နီပြည်ရဲ့ ကြားကာလအစီအမံ အပိုဒ် ၄၄ ပြဋ္ဌာန်းချက်နဲ့အညီ မြို့နယ် ၁၆ ခုကို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ IEC က ဆိုပါတယ်။

IEC အထွေထွေအတွင်းရေးမှူး ခူပလုရယ်က “ကျေးရွာကနေ လူထုက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်တယ်။ ပြီးရင် နောက်တဆင့်က ကျေးရွာအုပ်စုအဆင့်ကို အဲဒီ ကျေးရွာအုပ်စုမှာ ပါဝင်တဲ့ ကျေးရွာတွေက မဲပေးတဲ့စနစ်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းတယ်ပေါ့နော်။ ဆိုတော့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆိုတဲ့ ဒီ ၃ ဦးကို အရင်ရွေးတယ်ပေါ့။ အမျိုးသမီးတဦး မဖြစ်မနေ အနည်းဆုံး ပါဝင်ရမယ်ဆိုတဲ့ဟာနဲ့ လူထုတွေက၊ ကျေးရွာအသီးသီးက ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲပုံစံနဲ့ ရွေးတယ်ပေါ့နော်။ ပြီးရင် တတိယအဆင့်ဖြစ်တဲ့ မြို့နယ်အုပ်ချုပ်ရေး အခါကျတော့ ပုဒ်မ ၁၄၄ ပြဋ္ဌာန်းပါ အတိုင်းပဲပေါ့နော်၊ ERO အဖွဲ့က ၂ ဦး သို့မဟုတ် ၃ ဦးပေါ့၊ တဦးကနေ ၄ ဦးထိပေါ့နော်၊ အနည်းဆုံး တဦး၊ အများဆုံး ၄ ဦးထိရယ်၊ နောက် လူထုဘက်ကလည်း အနည်းဆုံး ၄ ဦးကနေ အများဆုံး ၉ ဦးထိ အဲ့လို လူထုနဲ့ ERO က ကိုယ်စားလှယ်တွေနဲ့ hybrid ပုံစံမျိုးကို ပေါင်းစပ်ပြီးမှ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြည်ထဲရေးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲက ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ ဟူဘော၊ ကေးလျား၊ ဒီးမော့ဆို(အရှေ့)၊ ဖွံဘော်ခွတ်၊ ဆိုမို/ဖေစိုးလေး၊ ဟိုယာ၊ ဆိုတရှား၊ လွိုင်နန်းဖ၊ ဒီးဘောင်းခူ၊ နန်းမယ်ခုံ၊ မယ်စဲ့၊ ပေါ်ဝေါ်၊ ဘောဟူဒဲ၊ လိုမူခို၊ ရွာသစ်နဲ့ ဖယ်ခုံမြို့နယ်တို့မှာ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ် ဒေသခံတယောက်ကတော့ IEC ရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေက အားနည်းချက်တွေရှိသလို အားသာချက်တွေလည်း ရှိတဲ့အကြောင်း ပြောပြပါတယ်။

“အားနည်းချက်ကတော့ သူတို့က ပြည်ထဲရေးဌာနမှာ တာဝန်ထမ်းဆောင်ဖို့ လူအလုံအလောက် မရှိတဲ့အတွက် ပြည်သူကို ဝန်ဆောင်မှုပေးတဲ့အခါမှာ လူလုံလောက်မှု မရှိတာတွေ ရှိတယ်။ အားသာချက်ကတော့ ကရင်နီပြည်ကြားကာလ ပေါ်ပေါက်လာတဲ့အတွက်ကြောင့်မို့ ဒီကရင်နီပြည်ထဲမှာ ရှိနေတဲ့ အစုအဖွဲ့ အသေးအငယ် အားလုံးကို စုပေါင်းပြီးတော့ ကြားကာလ အုပ်ချုပ်ရေးတခုအနေနဲ့ စီမံနိုင်တာကို ကျနော်တို့ မြင်တွေ့ရတာက အားသာချက်တခု။ နောက်တခုက တရားဥပဒေရေးအရဆိုရင် ကျနော်တို့ ဒီဘက်မှာ တရားဥပဒေ ရင်ဆိုင်ရတဲ့အခါမှာ အနည်းဆုံးတော့ အားနည်းချက် ရှိသေးတယ်။ ပြည်သူလူထုက တရားရင်ဆိုင်ဖို့ရာအတွက် တရားရုံးတွေ ခေါ်တာတွေ ဘာတွေ ရှိတာက အားသာချက်ဆိုပေမဲ့ တချို့အရာတွေမှာ တပ်ရင်းတပ်ဖွဲ့တွေနဲ့ သက်ဆိုင်ပြီးတော့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ရဲဘော်တွေဆိုရင် တချို့အရာတွေဆိုရင် လက်နက်ကိုင်ထားတဲ့အတွက် ပြည်သူလူထု ကြောက်ရတာတွေတော့ ရှိတယ်။ အဲဒီအခါ IEC ကို တိုင်တဲ့အခါမှာ IEC ကလည်း လူအင်အား၊ HR အင်အား မရှိတဲ့အတွက်ကြောင့်မို့ တချို့အရာတွေမှာ သူလည်း နည်းနည်းလေး ပျော့ညံ့တာတွေ ရှိတယ်လို့ ကျနော်တို့ကတော့ မြင်ပါတယ်။”

ကရင်နီပြည်နယ်မှာ နေထိုင်တဲ့ မသီရိကတော့ IEC ရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ အနေနဲ့ ရပ်ရွာလုံခြုံရေးနဲ့ ပတ်သက်တဲ့ အစီအမံတွေ ပိုတိုးပြီး လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

ကရင်နီဒေသခံ အမျိုးသမီးတယောက်က “လတ်တလော ကျမတို့ပြည်နယ်မှာ လူသေအလောင်းတွေ့ရတာ စိပ်စိပ်လာတယ်ပေါ့နော်၊ ဘယ်သူဘယ်ဝါက သတ်သွားလဲဆိုတာ မသိဘူးပေါ့၊ အဲ့တော့ လမ်းဘေးမှာ တွေ့လိုက်၊ ရေထဲမှာ မျောပါသွားလိုက် ဆိုတဲ့ဟာတွေလည်း စိပ်စိပ်လာတယ်ပေါ့၊ အရင်တုန်းကဆိုရင် ကျမအနေနဲ့ ဆိုရင်တော့ စကစရဲ့ လေယာဉ်ရန်၊ ဗုံးရန် နောက်ပြီး လက်နက်ကြီးရန် ကြောက်နေရတယ်ပေါ့နော်။ ဒါပေမဲ့ အခု ဒီကာလမျိုးမှာကျတော့ ကျမတို့ ဒီပြည်နယ်ထဲမှာတောင်မှ တယောက်တည်း ခရီးသွားလာဖို့တောင်မှ စိုးရိမ်ရတယ်၊ ကြောက်ရတယ်၊ မလုံခြုံတာကို ခံစားရတာပေါ့လေ၊ အဲလိုဖြစ်တဲ့အခါကျတော့ ကျမအနေနဲ့ အကြံပြုချင်တာက ဒီလိုမျိုးကိစ္စတွေနဲ့ ပတ်သက်ပြီး အဓိက လုံခြုံရေးနဲ့ပတ်သက်တဲ့ အစီအမံတွေကို ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာကို အဖြေရှာခိုင်းစေချင်တယ်။ ပြီးတော့ အထူးလုပ်ဆောင်ဖို့ လိုတယ်လို့ မြင်တယ်ပေါ့နော်” လို့ ပြောပါတယ်။

IEC က ဖွဲ့စည်းထားတဲ့ ဌာန ၁၁ ခုရှိပြီး အဲဒီထဲမှာမှ ပြည်ထဲရေးဌာနအောက်မှာ ဌာနခွဲ ၄ ခု ရှိပါတယ်။ အဲဒီ ဌာနခွဲ ၄ ခုကတော့ ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲ၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ၊ အရေးပေါ် ကူညီကယ်ဆယ်ရေး ဌာနခွဲနဲ့ ကရင်နီပြည်ရဲဌာနခွဲတို့ပဲ ဖြစ်ပါတယ်။ 

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013