Home
မြန်မာသတင်း
ကရင်နီကို ၄ နှစ်အတွင်း လေကြောင်းက အကြိမ် ၁၈၀၀ ခန့်တိုက်ခိုက်ခဲ့
DVB
·
February 1, 2025
Photo-KNDF

ကရင်နီပြည်နယ်နဲ့ ကယန်းဒေသမှာ စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ၄ နှစ်တာကာလအတွင်း  လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပေါင်း အကြိမ် ၁၇၈၈ အထိ ပြုလုပ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဖေဖော်ဝါရီ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

PKPF တာဝန်ရှိသူက “စစ်ကောင်စီက လက်နက်ကြီး၊ လေယာဉ်မကဘဲ နောက်ပိုင်းမှာ ဒရုန်းကိုလည်း တွင်တွင်ကျယ်ကျယ်သုံးလာတာတွေ့ရတယ်။ သူတို့ မစိုးမိုးနိုင်တဲ့နယ်မြေ၊ စစ်ကြောင်းမထိုးနိုင်တဲ့ ဒေသတွေမှာ လူထုတွေကို သဲကြီးမဲကြီး ရန်သူသဖွယ် ဗုံးကြဲတယ်လို့ ပြောလိုပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လေကြောင်းနဲ့ ဒရုန်းကြောင့် ၄ နှစ်တာကာလအတွင်း စစ်ဘေးရှောင်ပြည်သူ ၁၇၆ ယောက်နဲ့ အရပ်သားပြည်သူ ၅၄၂ ယောက်လည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင် အမျိုးသမီးတယောက်က “လေယာဉ်ကတော့ ဆက်တိုက်ဝဲနေတာ၊ ခုနောက်ပိုင်း ပိုပိုဆိုးလာတယ်။ လေယာဉ်သံကြားတာနဲ့ ကြောက်နေရတယ်” လို့ ပြောပါတယ်။

လေကြောင်းကနေဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် နေအိမ် ၂၈၉၇ လုံး၊ ဘာသာရေးအဆောက်အအုံ ၅၄ လုံး၊ စာသင်ကျောင်း ၂၆ ကျောင်းနဲ့ ဆေးရုံ ဆေးခန်း ၁၆ ခု ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ကရင်နီနေရာအနှံ့မှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပေါင်း ၁၂၈၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၃၆၆၅ ယောက်သေဆုံး၊ တော်လှန်ရေးအင်အားစုဘက်က ၆၈၆ ယောက် ကျဆုံးခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်စေဖို့အတွက် နိုင်ငံတကာအနေနဲ့ ဖိအားပေးတာတွေ၊ နည်းပညာနဲ့ စစ်လက်နက်ခဲယမ်း ထောက်ပံ့တာတွေကို ရပ်တန့်စေဖို့အတွက်ကိုလည်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ဇန်နဝါရီ ၃၁ ရက်က တောင်းဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013