ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ပစ်တဲ့ လက်နက်ကြီး ၆ လုံးက တောင်ပို့ကွဲကျေးရွာထဲကို ကျရောက်ပေါက်ကွဲလို့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်နဲ့ အမျိုးသားတယောက် သေဆုံးပြီး ၂ ယောက်က ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တွေလည်း ပျက်စီးခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၆ နာရီဝန်းကျင်နဲ့ ည ၁၁ နာရီကျော်မှာလည်း လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်တဲ့အတွက် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တလုံးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူက “တိုက်ပွဲဖြစ်တာတော့ မရှိပါဘူး။ နှစ်ဖက် စစ်ရေးတင်းမာမှုတွေ ရှိနေလို့ပါ။ စစ်တပ်က လူသားမဆန်တဲ့လုပ်ရပ်တွေ မကောင်းတဲ့ လုပ်ရပ်တွေကို အရပ်သားပြည်သူတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ နေရာအနှံ့မှာ လုပ်ဆောင်နေတယ်လို့ မြင်မိပါတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၁ နာရီမှာလည်း ရေပူကျေးရွာအုပ်စုထဲက ဘုရားတောင်ကျေးရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က ဘုရားတောင်ကျေးရွာ၊ တောင်ပို့ကွဲကျေးရွာ၊ ညောင်လေးပင်ကျေးရွာတွေထဲကို ဖေဖော်ဝါရီလထဲမှာ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ညောင်ရွှေမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာကနေ ရေပူကျေးရွာနားကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က တပ်ကြပ် အပါအဝင် ၄ ယောက် သေဆုံးခဲ့တာကြောင့် ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာလို့ အမှတ် ၁၀၀၉ တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF က ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၅ ရက်ကလည်း ရေပူကျေးရွာအုပ်စုထဲက လွယ်နွဲ့ဘုရားတောင်ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံ ၂ ယောက်နဲ့ စစ်ဘေးရှောင်တယောက် သေဆုံးပြီး ၆ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်မှာလည်း စစ်ကောင်စီတပ်က ရေပူကျေးရွာထဲကို မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရေပူကျေးရွာ၊ ဘုရားတောင်ကျေးရွာ၊ ညောင်လေးပင်ကျေးရွာနဲ့ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာ၊ အိမ်မူကျေးရွာက ဒေသခံ ၁,၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက်မှဦတော့ ရန်ကင်းကျေးရွာ၊ ထီရီးကျေးရွာနဲ့ ထမင်းချိုဓာတ်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် အင်အား ၁၅၀ ဟာ ရေပူကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့အတွက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ရဲ့ စစ်ကြောင်းက တပ်လန်သွားပြီး ထီရီးရွာထဲကို ပြန်ဆုတ်တဲ့အချိန် ပူးပေါင်းတော်လှန်ရေးစစ်ကြောင်းက ဒရုန်းနဲ့ လိုက်လံတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ရဲ့ တပ်ကြပ်အပါအဝင် ၄ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။
IPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “လက်နက်ကြီး၊ ဒရုန်း၊ ဂျက်ဖိုက်တာတွေနဲ့ ပစ်ခတ် ဗုံးကြဲတာတွေ ရှိနေပါတယ်၊ ရှိနေဆဲပါ။ နောက်ထပ် ထိတွေ့တိုက်ပွဲ ဖြစ်တာမျိုးတော့ မရှိဘူးပေါ့။ စစ်တပ်နဲ့ PNO က ထီရီး နန့်ဘွန်ကို အင်အားဖြည့်ထားပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်တဲ့အထဲမှာ IPDF၊ အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် PK PDF-2၊ ပျားစစ်ကြောင်း၊ SSRY စတဲ့ တပ်ဖွဲ့တွေပါဝင်တယ်လို့ သိရပါတယ်။